ပီအက်စ်ဂျီဟာ အမ်ဘာပေရဲ့အားကိုးနဲ့ မိုနာကိုကွင်းလယ်လူ ချူအာမန်နီကို အရခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားကို ရီးရဲလ်မက်ဒရစ်က အသည်းအသန် စိတ်ဝင်စားနေပြီး အမ်ဘာပေကို မခေါ်နိုင်တဲ့နောက် မက်ဒရစ်ရဲ့ ဦးစားပေးပစ်မှတ်အနေနဲ့ သတ်မှတ်ခံထားရတာပါ။

ချူအာမန်နီကို ရီးရဲလ်မက်ဒရစ်အပြင် အခြားသောဥရောပထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။ ဒီအထဲမှာ ပီအက်စ်ဂျီကလည်း အပါအဝင်ဖြစ်နေပြီး ဒီကစားသမားအတွက် အမ်ဘာပေရဲ့ စည်းရုံးရေးစွမ်းရည်ကို စောင့်ဆိုင်းနေပါတယ်။ ချူအာမန်နီကို ပီအက်စ်ဂျီရဲ့အားကစားဒါရိုက်တာအသစ်ဖြစ်လာမယ့် အိုကမ်းပို့စ်ကလည်း သဘောကျနေပါတယ်။

ဒါ့အပြင် အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီကလည်း သဘောကျတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် မိုနာကိုဘက်ကတော့ ပြည်တွင်းပြိုင်ဘက်ဆီကို ရောင်းချတာထက် ရီးရဲလ်မက်ဒရစ်ကိုသာ ရောင်းချဖို့ ပိုမိုဆန္ဒရှိနေပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ချူအာမန်နီအတွက် ယူရိုသန်း (၁၀၀) ထုတ်ပေးသွားဖို့လည်း ပြင်ဆင်ထားပါတယ်။
လက်ရှိ ပြင်သစ်လက်ရွေးစင်အသင်းမှာ အမ်ဘာပေနဲ့ ချူအာမန်နီတို့နှစ်ယောက် အတူတကွ လေ့ကျင့်ခန်းဆင်းနေပြီး ဒီရက်ပိုင်းကာလအတွင်း အမ်ဘာပေက ချူအာမန်နီကို ပီအက်စ်ဂျီပြောင်းဖို့ ဆွဲဆောင်စည်းရုံးသိမ်းသွင်းရဖွယ်ရှိပါတယ်။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းမှာ ချူအာမန်နီကို စည်းရုံးမှာက အမ်ဘာပေတယောက်တည်းတော့ မဟုတ်ပါဘူး။
ရီးရဲလ်မက်ဒရစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကလည်း မက်ဒရစ်ကို ပြောင်းရွှေ့လာဖို့ ဒီကစားသမားလေးကို ဖျောင်းဖျဖွယ်ရှိပါတယ်။ အမ်ဘာပေကတော့ ပီအက်စ်ဂျီမှာ ကမ္ဘာ့စံချိန်တင်လုပ်ခလစာကို ရရှိထားပြီး နည်းပြ၊ အားကစားဒါရိုက်တာတို့ထက် လုပ်ပိုင်ခွင့်ပိုရှိနေတဲ့အပြင် အခုတခါမှာတော့ အေးဂျင့်ပါလုပ်နေရပြီလို့ဆိုရမှာပါ။