ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစိုးရက ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) ပြောပါတယ်။

ယခုနှစ်အတွင်း ဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေအနက် အားအကောင်းဆုံးဖြစ်တဲ့ စူပါတိုင်ဖွန်း Rai ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၁ မိုင်အထိဖြင့် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ Siargao ကျွန်းသို့ အစားအစာနဲ့ သောက်ရေပို့ဆောင်ရန် အပါအဝင် အကူအညီပေးရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ စစ်ဘက် လေယာဥ်နဲ့ ရေယာဥ်များဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရန် အစိုးရက ညွှန်ကြားထားကြောင်း သိပါတယ်။
ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းမုန်တိုင်း Rai ဝင်ရောက်တိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်မှကျွတ်ထွက်လဲပြိုခြင်း၊ ဓာတ်တိုင်များလဲပြိုခြင်းနဲ့ ကျေးရွာများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူဦးရေ ၃၀၀,၀၀၀ ကျော် ၎င်းတို့ရဲ့နေအိမ်တွေနဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုအတွင်း ကမ္ဘာ့လှည့်ခရီးသည် လာရောက်မှုများပြားတဲ့ Bohol ကျွန်းပေါ်ရှိ မြို့တွေမှာလည်း လူ ၄၉ ဦး သေဆုံးကြောင်း သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးတွေက သတင်းပို့ခဲ့ကြတယ်လို့ Bohol ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Arthur Yap က ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) မှာ ပြောခဲ့ပါတယ်။
ယခုနောက်ဆုံး အစိုးရရဲ့ ပြောကြားမှုအရ စူပါတိုင်ဖွန်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ လူ ၅၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၂၃၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က အစောပိုင်းမှာ ပြေထားခဲ့ပါတယ်။
ဖိလစ်ပိုင်ကို နှစ်စဥ် ဇူလိုင်လနဲ့ အောက်တိုဘာလအတွင်း မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး စူပါတိုင်ဖွန်း Rai ဟာ ယခုနှစ် တိုင်ဖွန်းရာသီမှာ နောက်ကျတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပါတယ်။ Rai ဟာ စက်တင်ဘာလနောက်ပိုင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ဒုတိယမြောက် စူပါတိုင်ဖွန်းဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက ဖိလစ်ပိုင် လူဇွန်ကျွန်းကို Chanthu စူပါတိုင်ဖွန်း ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်း AFP က ဖော်ပြပါတယ်။
Photo: AFP, Reuters, AP