ကမ္ဘာကျော်ရက်ပ်ပါတစ်ဦးဖြစ်တဲ့ Ye (အရင်နာမည် ကင်ညေးဝက်စ်) ဟာ လူမှုကွန်ရက် App တစ်ခုဖြစ်တဲ့ Parler ကို မဝယ်တော့ဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ Parler app ရဲ့ ကုမ္ပဏီ Parlement Technologies နဲ့ Ye တို့အကြား ပမာဏ မသိရတဲ့ အရောင်းအဝယ်ကိစ္စ စကားပြောခဲ့တာပါ။ Twitter နဲ့အပြိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးအတွက် ပလက်ဖောင်းလို့ ပြောကြတဲ့ Parler နဲ့ Ye တို့ရဲ့ အရောင်းအဝယ်ဟာ တရားဝင် ဖျက်သိမ်းလိုက်ပြီလို့ Parlement Technologies က ထုတ်ပြန်ပါတယ်။

Photo: CBS
“Parlement Technologies ဘက်က Parler ရောင်းတဲ့ကိစ္စကို ဖျက်သိမ်းဖို့ Ye နဲ့ နှစ်ဖက်သဘောတူညီမှု ရလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်” ဆိုပြီး Parler ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။
“အခုဆုံးဖြတ်ချက်က နိုဝင်ဘာလလယ်အတွင်း နှစ်ဖက်အကျိုးအတွက် ဆုံးဖြတ်လိုက်တာပါ။ Parler အနေနဲ့ ကျွန်တော်တို့ရဲ့ နိုးကြားထက်သန်တဲ့ လူ့အဖွဲ့အစည်းအတွက် ပလက်ဖောင်းအကဲဖြတ်မှုနဲ့ ဖွံဖြိုးရေးဆိုင်ရာ ရှေ့ရေးအခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေသွားမှာပါ”
နာဇီတွေကို ချီးကျူးပြီး “ဟစ်တလာကို သဘောကျတယ်” လို့ Alex Jones ရဲ့ Podcast တစ်ခုမှာ Ye က ပြောဆိုခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ကုမ္ပဏီအရောင်းအဝယ်ပျက်သွားတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ Parler ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Ye ရဲ့ ဒီလို အပြောအဆိုကြောင့် အရောင်းအဝယ်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလားဆိုတဲ့ အမေးပေါ် မှတ်ချက်ပေးခြင်း မရှိပါဘူး။
ဒါပေမယ့်လည်း "Ye ရဲ့မကြာသေးမီက ကြုံနေရတဲ့ စီးပွားရေးအခက်အခဲတွေက အရောင်းအဝယ်ပျက်စေတဲ့ အကြောင်းအရင်းတစ်ခု” အဖြစ် ပြောထားပါတယ်။ Twitter ပေါ်မှာ ဂျူးဆန့်ကျင်ရေး Tweets တွေ ဆက်တိုက်တင်ခဲ့တာကြောင့် Ye ကို Twitter ဘက်က ယာယီပိတ်ပင်ခဲ့ပြီးနောက် Parler ကို ဝယ်မယ်လို့ Ye က ပထမဆုံး ကြေညာခဲ့တာပါ။