ဓာတ်မတည့်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအမျိုးသားတစ်ဦးဟာ ဆံပင်အစားထိုးစိုက် ကုသမှုခံယူထားစဉ် ကာလအတွင်း ဓာတ်မတည့်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရှရာဝင် ကူးမားချောင်ဒရီ အမည်ရှိ အသက် ၄၃ နှစ်အရွယ် အမျိုးသားဟာ မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ ဆံပင်အစားထိုးစိုက် ကုသမှုခံယူခဲ့တယ်လို့ ဒေသခံ သတင်းတွေက ပြောပါတယ်။

(Photo: Reuters)

ကုန်စည်သယ်ယူရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ အဆိုပါ အိန္ဒိယအမျိုးသားဟာ ၁၂ နာရီကြာမြင့်တဲ့ ဆံပင်အစားထိုးစိုက် ကုသမှုခံယူပြီးနောက် နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ The Times of India သတင်းက ဖော်ပြပါတယ်။ ကူးမားချောင်ဒရီဟာ အိန္ဒိယရူပီးငွေ ၅၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းတစ်ရာကျော်) ကုန်ကျတဲ့ ဆံပင်အစားထိုးစိုက် ကုသမှုခံယူမှုအကြောင်း ၎င်းရဲ့ မိသားစုကို မပြောခဲ့ဘူးလို့ ဆိုပါတယ်။



ကုသမှုခံယူခဲ့စဉ်မှာ ကူးမားချောင်ဒရီက တစ်ကြိမ်လျှင် ပုံမှန် အစားထိုးစိုက်လေ့ရှိတဲ့ အစားထိုး ဆံပင်အချောင်းရေထက် သုံးဆပိုများတဲ့ ပမာဏကိုစိုက်ပေးရန် တောင်းဆိုခဲ့တယ်လို့ ၎င်းကို ကုသပေးခဲ့တဲ့ ဆရာဝန်က ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပါတယ်။

လက်ရှိမှာ ကုသပေးခဲ့တဲ့ အရေးပြားအထူးကုဆရာဝန် ဒေါက်တာ Vikas Halwai က ကူးမားချောင်ဒရီရဲ့ တောင်းဆိုမှုအတိုင်း ကုသပေးခဲ့ခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ကူးမားချောင်ဒရီရဲ့ ဆံပင်အစားထိုးစိုက်တဲ့ ကုသမှုကို မတ်လ ၇ ရက် ညနေပိုင်းမှာ စတင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Hindustan Times)

ကူသမှု မစတင်မီ စံချိန်စံညွန်းနဲ့အညီ ဘေးအန္တရာယ်ကင်းစေရန် စမ်းသပ်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ သို့သော် မတ်လ ၈ ရက် မနက် ၂ နာရီ ၃၀ မှစပြီး ကူးမားချောင်ဒရီဟာ လည်ပင်းတဝိုက် နာကျင်မှု စတင်ခံစားခဲ့ရတာကြောင့် ဒေါက်တာ Vikas Halwai က ၎င်းကို နာကျင်ကိုက်ခဲပျောက်ဆေးနဲ့ ပဋိဇီဝ (ပိုးသတ်ဆေး) ဆေးတွေ ပေးခဲ့တယ်လို့ ပြောပါတယ်။

ထို့နောက်မှာတော့ ကူးမားချောင်ဒရီဟာ အသက်ရှူရခက်ခဲလာတာကြောင့် မွမ်ဘိုင်းမြို့ Parel အရပ်ရှိ Global ဆေးရုံသို့ အလျင်အမြန် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၈ ရက်နေ့မှာပင် ကူးမားချောင်ဒရီရဲ့ သူငယ်ချင်းက ၎င်းကို Global ဆေးရုံမှ Hiranandani ဆေးရုံသို့ ပြောင်းရွှေ့တက်ရောက်စေခဲ့ပါတယ်။

မတ်လ ၉ ရက်မှာတော့ ကူးမားချောင်ဒရီဟာ Hiranandani ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ကူးမားချောင်ဒရီ သေဆုံးမှုကို မတော်တဆမှုအဖြစ် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတ်မှတ်ထားပေမဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အတိအကျသိနိုင်ရန် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

(Photo: Shutterstock)

သေဆုံးရတဲ့ အကြောင်းရင်းကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေမဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေက သုံးသပ်ထားကြောင်း The Times of India သတင်းက ပြောပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့ anaphylactic shock ခေါ် ဓာတ်မတည့်ဖြစ်စဉ်မှုကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေကဆိုပါတယ်။

အိန္ဒိယရှိ Association of Aesthetic Plastic Surgeons အဖွဲ့အစည်းကတော့ ဆံပင်အစားထိုးစိုက် ကုသမှုခံယူသူ အနည်းငယ်မျှသာ အသက်ရှူရခက်ခဲမှု ခံစားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဆံပင်အစားထိုးစိုက် ကုသမှုခံယူကြတဲ့ လူနာတွေက တစ်ကြိမ်တည်းမှာပင် ဆံပင်အချောင်းရေ အများအပြားစိုက်ပေးရန် ဆရာဝန်တွေကို မကြာခဏ ဖိအားပေး တောင်းဆိုတတ်ကြတယ်လို့လည်း အဆိုပါ အဖွဲ့အစည်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ပုံမှန်အားဖြင့် ဆရာဝန်တွေ တစ်ကြိမ်လျှင် အစားထိုးစိုက်တဲ့ ဆံပင်အချောင်းရေ ၂,၅၀၀-၃,၀၀၀ ထက်ပိုပြီး အစားထိုးစိုက်ပေးခြင်း မရှိကြကြောင်းနဲ့ ဆံပင်အစားထိုးစိုက် ကုသမှုတစ်ကြိမ်ကိုလည်း ခြောက်နာရီမှ ရှစ်နာရီအတွင်းမှာ ပြီးစီးရန်လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က