အယ်လ်နာဆာနဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးကြီး ရော်နယ်ဒိုက သူ့အမေပြောခဲ့ဖူးသလိုမျိုး စပို့တင်းလစ္စဘွန်းမှာ ပြန်ကစားဖို့ မဖြစ်နိုင်ကြောင်း အတည်ပြုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်း အကယ်ဒမီထွက် ကစားသမားလည်း ဖြစ်ပါတယ်။


“ဆော်ဒီအာရေဗျမှာ ကျွန်တော် ပျော်ပါတယ်။ သူတို့က ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပြီး ဆော်ဒီလိဂ်ကလည်း ကြီးမားတဲ့အလားအလာကောင်းတွေရှိပါတယ်။ သူတို့က လူအများစု ထင်ထားသလိုမျိုး ကြီးထွားလာပါတယ်။ ပေါ်တူဂီလိဂ်မှာ ပြန်ကစားဖို့ဆိုတဲ့ကိစ္စက အဓိပ္ပာယ်မရှိတဲ့ကိစ္စပါပဲ”
“ကျွန်တော်က မကြာခင် အသက် (၃၉) နှစ်ပြည့်တော့မှာပါ။ ကျွန်တော် အလိုချင်ဆုံးက အယ်လ်နာဆာမှာ ဆက်ကစားဖို့ပါ။ အသက် (၄၀) ပြည့်တဲ့အခါကျရင်တော့ ဘော်ဒါတစ်ယောက် ပြောသလို ဘာဖြစ်မလဲ ဆက်ကြည့်တာပေ့ါ။ အသက် (၄၀) အထိ ဒီအဆင့်မျိုးမှာ ကစားဖို့က အံ့အားသင့်ဖွယ်ရည်မှန်းချက်ပါ။ (၄၁) (၄၂) လည်း ဖြစ်သွားနိုင်တာပေါ့။ ဒါပေမယ့် ပေါ်တူဂီလိဂ်မှာ ပြန်ကစားနိုင်ခြေကတော့ မဟုတ်တဲ့ မေးခွန်းဖြစ်သွားပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။