စနေနေ့ည ၁၁ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ခရစ်စတယ်ပဲလေ့စ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင် ခရစ်စတယ်ပဲလေ့စ်အသင်းကို ဖိအားပေးခြိမ်းခြောက်နိုင်ခဲ့ပြီး ဒီဘရိုင်းနဲ့ ဂန်ဒိုဂန်တို့ရဲ့ ဂိုးကန်သွင်းမှုတွေကို ပဲလေ့စ်ဂိုးသမား ဟန်နက်ဆီက ကာကွယ်နိုင်ခဲ့လို့သာ ဂိုးခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပထမပိုင်း ၃၉ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားရဲ့ ဖြတ်တင်ပေးပို့မှုကို ဂက်ဘရီရယ်ဂျီးဆပ်က လှလှပပ ခေါင်းတိုက်သွင်းယူပြီး မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ဂက်ဘရီရယ်ဂျီးဆပ်ရဲ့ အဖွင့်ဂိုးသွင်းယူအပြီး ၂ မိနစ်အကြာမှာပဲ ရာဟင်းစတားလင်းရဲ့ ပဲလေ့စ်နောက်ခံကစားသမားတွေကို ကျော်ဖြတ်ပြီး အကွက်မြင်မြင် ကလော်တင်ပေးလိုက်တဲ့ ဘောလုံးကို ဒေးဗစ်ဆေးလ်ဗားက မြေမကျစေဘဲ ကန်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အိမ်ရှင် ခရစ်စတယ်ပဲလေ့စ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းဘက်ကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ခဲ့ဘဲ မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကိုသာ ကာကွယ်ရင်းနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ခရစ်စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့အတွက် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာဖြစ်ပြီး လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ညနေမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။