ချယ်လ်ဆီးအသင်းရဲ့အဓိက ကစားသမား ကန်တီဟာ ပီအက်စ်ဂျီအသင်းက မြင့်မားတဲ့ လုပ်ခလစာနဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ ပြင်သစ်သတင်းဌာန Le10 sport ကဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးကွင်းလယ်မှ ပြင်သစ်ကြယ်ပွင့်ကစားသမား ကန်တီကို ဥရောပထိပ်သီးကလပ်အသင်း အများအပြားက စိတ်ဝင်စားနေကြပါတယ်။ ချယ်လ်ဆီးအသင်းက ဒီကစားသမားကို ၂၀၂၃ ခုနှစ်အထိသက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း လက်ရှိ အသင်းရလဒ်ပိုင်းအရ လာမယ့်နှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါက ပြင်သစ်ကစားသမားကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ကန်တီကို ကမ်းလှမ်းထားတဲ့အသင်းတွေထဲမှာ ပီအက်စ်ဂျီက မြင့်မားတဲ့ငွေကြေးနဲ့ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ပီအက်စ်ဂျီကိုပြောင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ Le10sport က ဖော်ပြခဲ့ပါတယ်။
အတည်မပြုနိုင်တဲ့သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ကန်တီအတွက်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ကျော်နဲ့ တစ်ပတ်လုပ်ခ ပေါင်လေးသိန်းဝန်းကျင်အထိနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကန်တီက ငြင်းဆန်ခဲ့တာလို့ သိရပါတယ်။ ကန်တီကို ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း စိတ်ဝင်စားနေပြီး ရာသီကုန်မှာ ကမ်းလှမ်းမှုတွေလုပ်မယ်လို့ သတင်းတွေထွက်နေပါတယ်။
ပြင်သစ်လက်ရွေးစင်၊ ကမ္ဘာ့ဖလားချန်ပီယံ ကန်တီဟာ လက်စတာစီးတီးအသင်းမှာ တစ်ရာသီကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ကာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၂၃ပွဲအထိ ကစားထားပြီး ခုနှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ ကန်တီဟာ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ လက်စတာနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၆-၁၇ဘောလုံးရာသီမှာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံထပ်ဖြစ်ခဲ့ပါတယ်။ ကန်တီဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ၃၁ပွဲအထိကစားပေးထားပါတယ်။