ဘာစီလိုနာနည်းပြ ဇာဗီဟာ ပီအက်စ်ဂျီကို ၁-၄ ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရတဲ့ပွဲအပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ အဝါကတ်ငါးကတ်နဲ့ အနီကတ်နှစ်ကတ်အထိ ပြသခံခဲ့ရတာပါ။
ပထမပိုင်းမှာ ဘာစီလိုနာ နောက်ခံလူ အရူဂျိုထုတ်ခံရပြီးနောက် ဘာစီလိုနာတို့ ဂိုးတွေဆက်တိုက် ပြန်ပေးခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း နည်းပြ ဇာဗီ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်တိုက်စောဒကတက်ခဲ့တဲ့နောက် အနီကတ်ထိပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။
နှစ်ကျော့ပေါင်း ရလဒ် ၆-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ဇာဗီက “ဒိုင်လူကြီးက တကယ်ကို ဆိုးရွားတဲ့ ဒိုင်လူကြီးပါ။ သူ့ရဲ့ စွမ်းဆောင်ရည်က လုံးဝကို ကပ်ဆိုက်နေတာလို့တောင် ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော် ဒိုင်တွေအကြောင်းကို ပြောရတာမျိုး သဘောမကျပါဘူး”
“ဒါပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ဘောလုံးရာသီကို ရှင်းရှင်းလင်းလင်း ထိခိုက်စေခဲ့ပြီး ဒီလိုပဲပြောရမှာပါ။ ကျွန်တော်တို့ အရမ်းကို စိတ်ပျက်ပြီး ဒေါသထွက်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရူဂျိုရဲ့ အနီကတ်က ပွဲကို လုံးဝအဆုံးအဖြတ်ပေးခဲ့လို့ပါ။ (၁၁) ယောက်ချင်းမှာ ကျွန်တော်တို့ အခြေအနေကောင်းခဲ့ပါတယ်”
“ကစားပုံလည်း ကောင်းပြီး ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးမှာ အနီကတ်ကို ထုတ်ပြတာက မြန်လွန်းအားကြီးပါတယ်။ ကျွန်တော်တို့ တစ်ရာသီလုံး လုပ်လာခဲ့သမျှက ဒါမျိုး မလိုအပ်တဲ့ အရာတွေနဲ့ ဖျက်ဆီးခံရတာ တကယ်ကို သနားဖို့ကောင်းပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။