မြန်မာနိုင်ငံတဝှမ်းက အသင်းပေါင်း ၅၀၀ ပါဝင်ယှဉ်ပြိုင်နေတဲ့ Samsung Galaxy Challenge PUBG Mobile ပြိုင်ပွဲဟာ အသင်း ၁၀၀ သာ ကျန်ရှိတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာပါပြီ။
ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့ Galaxy Challenge ပြိုင်ပွဲဟာ လက်ရှိအချိန်မှာတင်ကို ပြိုင်ဆိုင်မှုပြင်းထန်နေပြီး ပြည်တွင်းမှာစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ Galaxy Challenge ဆိုတာ နာမည်ကျော် ဖုန်းကုမ္ပဏီကြီး Samsung နဲ့ မြန်မာပြည်တွင်းက Esports Organization တစ်ခုဖြစ်တဲ့ Claws Esports တို့က ကြီးမှူးကျင်းပပြီး Mytel ကနေ Support Partner အဖြစ်ပါဝင်ထားတဲ့ PUBG Mobile ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ ဆုကြေး သိန်း (၁၀၀) ချီးမြှင့်မှာဖြစ်တဲ့အပြင် PUBG ကိုပိုင်တဲ့ Tencent ကပါ တရားဝင်အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲပဲဖြစ်ပါတယ်။
Galaxy Challenge ရဲ့ ပထမဦးဆုံးအဆင့်အဖြစ် မြန်မာပြည်အနှံ့က အသင်းပေါင်း (၅၀၀) ပါဝင်တဲ့ အုပ်စုအဆင့်ကိုဆော့ကစားပြီးပြီဖြစ်ပြီး ယခုအခါမှာ ထိုအသင်း (၅၀၀) ထဲက အမှတ်အများဆုံး အသင်း (၁၀၀) ပါဝင်တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ဆော့ကစားနေပြီပဲဖြစ်ပါတယ်။ ဒီအဆင့်မှာပါဝင်တဲ့ အသင်း (၁၀၀) အနေနဲ့ အသင်း (၂၀) စီ အုပ်စု ၅ စုခွဲပြီး ယှဉ်ပြိုင်ဆော့ကစားရမှာဖြစ်ပြီး အုပ်စုတစ်ခုဆီက ထိပ်ဆုံး ၄ သင်းကသာ နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဆီမီးဖိုင်နယ်အုပ်စုပွဲစဉ်အဆင့်ကို ဆော့ကစားနေပြီ ဖြစ်ပါတယ်။ Group A ပွဲစဉ်များကို အရင်တစ်ပတ်က ဆော့ကစားခဲ့ပြီး Group B ပွဲစဉ်များကို ဇွန်လ ၂၉ ရက်၊ Group C ပွဲစဉ်များကို ဇွန်လ ၃၀ ရက် နဲ့ Group D ပွဲစဉ်များကို ဇူလိုင်လ ၆ ရက်နေ့တွေမှာ ဆော့ကစားသွားမှာပါ။ Group A ပွဲစဉ်များအပြီးမှာတော့ T7, Team Spirit, Burmese Ghouls, PusiKiller တို့က အမှတ်အများဆုံးနဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ဖိုင်နယ်အဆင့်မှာတော့ ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်လာနိုင်တဲ့ အသင်း (၂၀) ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆုကြေးအနေနဲ့
ပထမဆု - ၅၅၀၀၀၀၀ ကျပ်
ဒုတိယဆု - ၃၀၀၀၀၀၀ ကျပ်
တတိယဆု - ၁၀၀၀၀၀၀ ကျပ်
စတုတ္ထဆု - ၅၀၀၀၀၀ ကျပ် စသည်ဖြင့် အသီးသီးပေးအပ်သွားမှာပဲဖြစ်ပါတယ်။
ဖိုင်နယ်ပွဲစဉ်ကို ရန်ကုန်မြို့တွင်းက တစ်နေရာမှာကျင်းပမှာဖြစ်ပြီး ဘယ်နေရာ ဘယ်အချိန်တွေမှာ ဆော့ကစားရမယ်ဆိုတာကိုတော့ အခုအချိန်ထိ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ပြိုင်ပွဲဝင်များအနေနဲ့ ဖိုင်နယ်ပွဲမှာ Organizer ကစီစဉ်ပေးမယ့် Samsung Galaxy ဖုန်းများနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့လည်း သိရပါသေးတယ်။
Written by Myo Thant Kyaw