ကမ္ဘောဒီးယားကမ်းခြေ အပန်းဖြေနေရာတစ်ခုမှာ ဆောက်လက်စ အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီးနောက် နှစ်ရက်ကျော်အကြာမှာ အပျက်အစီးများထဲမှ အသက်ရှင်နေသူ အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့ရပါတယ်။

(Photo: AFP)
အဆောက်အအုံ အပျက်အစီးများထဲမှ အမျိုးသားနှစ်ဦးကို ဇွန်လ ၂၄ ရက်မှာ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုက ဆောက်လုပ်နေတဲ့ အထပ်ခုနစ်ထပ်ပါ အဆိုပါ အဆောက်အအုံပြိုကျမှုကြောင့် ဇွန်လ ၂၄ ရက်အထိ စာရင်းတွေအရ လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
Sihanoukville ကမ်းခြေမြို့မှာ ဇွန်လ ၂၂ ရက်နေ့က အဆောက်အအုံပြိုကျခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတွေက ဇွန်လ ၂၄ ရက် အစောပိုင်းမှာ အပျက်အစီးများထဲမှ အသက်ရှင်နေသူ တွေ့နိုင်ဖွယ်မယ့် မျှော်လင့်ချက်မှေးမှိန်သွားပြီလို့ ပြောခဲ့ကြပါတယ်။ သို့သော် ရှာဖွေရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေခဲ့စဉ် အဆောက်အအုံ အပျက်အစီးများကြားထဲမှာ အမျိုးသားနှစ်ဦးကို အသက်ရှင်လျက် တွေ့ခဲ့ကြရတာဖြစ်ပါတယ်။
(Photo: AFP)
အဆောက်အအုံပြိုကျပြီး နှစ်ရက်ကျော်အကြာမှာ ၎င်းတို့နှစ်ဦးကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ရမှုက နောက်ထပ် အသက်ရှင်နေသူတွေကို တွေ့နိုင်မယ့်မျှော်လင့်ချက် ပြန်လည် မြင့်တက်လာစေခဲ့ပါတယ်။ အဆောက်အအုံပြိုကျမှုနဲ့ ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူ တရုတ်လူမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်း အကြီးအကဲ၊ ကန်ထရိုက်တာနဲ့ ကမ္ဘောဒီးယား မြေပိုင်ရှင်တို့ကို ဖမ်းဆီးထိန်သိမ်းထားတယ်လို့ ဆိုပါတယ်။
ပြိုကျခဲတဲ့ အဆောက်အအုံဟာ ၈၀ ရာခိုင်နှုန်းနီးပါး တည်ဆောက်မှုပြီးစီးနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကာစီနိုလောင်းကစားရုံများရှိပြီး တရုတ်ပြည်မကြီးရှိ ခရီးသွားတွေကို ဆွဲဆောင်နိုင်တာကြောင့် လတ်တလော နှစ်များအတွင်း Sihanoukville ကမ်းခြေမြို့မှာ တရုတ်ကုမ္ပဏီတွေက လာရောက်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိလာခဲ့ပါတယ်။
(Photo: AFP)
ကမ္ဘောဒီးယား ကမ်းခြေမြို့ Sihanoukville မှာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့ ကာစီနိုရုံ ၅၀ ဝန်ကျင်းရှိပြီး ဒါဇင်နဲ့ချီတဲ့ ဟိုတယ်တွေကိုလည်း ဆောက်လုပ်နေပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်မှာ တရုတ်အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့တယ်လို့ တရားဝင်း စာရင်းအချက်အလက်တွေအရ သိရှိရပါတယ်။