ရိုးမားရဲ့တိုက်စစ်ကစားသမား ဒီဘားလားဟာ လက်ချီကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဥ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာတာကမ္ဘာ့ဖလားကိုပါ လွဲချော်နိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ ရိုးမားက ဧည့်သည် လက်ချီကို ၂-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ရိုးမားအတွက် အနိုင်ဂိုးအဖြစ် ဒီဘားလားက ပင်နယ်တီကတဆင့် ကန်သွင်းယူပေးခဲ့ပြီး ဒီဘားလားအနေနဲ့ ပင်နယ်တီကန်သွင်းနေချိန်မှာပဲ ကြွက်သားဒဏ်ရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီဘားလားဟာ ပင်နယ်တီဂိုးဝင်သွားခဲ့ပေမယ့် အောင်ပွဲမခံနိုင်ခဲ့ဘဲ သူ့ရဲ့ပေါင်ဒဏ်ရာက တော်တော်လေး နာကျင်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ဒီဘားလားကို လူစားလဲခဲ့ရပြီး ကစားသမားအနေနဲ့လည်း တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဝမ်းနည်းခဲ့ရပါတယ်။ ဒီဘားလားရဲ့ဒဏ်ရာနဲ့ ပတ်သက်လို့ ရိုးမားနည်းပြမော်ရင်ဟိုက “ဒဏ်ရာက တော်တော်လေးဆိုးရွားတဲ့ပုံပါပဲ။ ကျနော်က သာမန်ဆိုးရွားတဲ့ ဒဏ်ရာလို့ပဲထင်ခဲ့တာပါ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ဒီဘားလားနဲ့ စကားပြောပြီးနောက် တော်တော်အခြေအနေဆိုးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကာတာကမ္ဘာ့ဖလားကျင်းပဖို့က (၇) ပတ်တောင် မလိုတော့ဘဲ ဒီဘားလားအနေနဲ့ ဒီဒဏ်ရာကြောင့် (၂၀၂၃) အထိ အနားယူရဖွယ်ရှိနေကြောင်း သတင်းတွေက ခန့်မှန်းထားပါတယ်။ အဲ့ဒါကြောင့်လည်း အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားတယောက် ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ သေချာသလောက်ရှိနေကြောင်းလည်း ပရိသတ်တွေက ယူဆထားပါတယ်။
ဒီဘားလားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ရိုးမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူပါ။ မော်ရင်ဟိုလက်အောက်မှာ ဒီကစားသမားက ရိုးမားရဲ့ အဓိက,ကစားသမားအဖြစ် အသုံးတော်ခံနေပြီး လာမယ့် ဆောင်းရာသီကမ္ဘာ့ဖလားအတွက်လည်း အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ သေချာပေါက် အရွေးချယ်ခံရမယ့် ကစားသမားအဖြစ် ပရိသတ်တွေက ယုံကြည်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။