ပထမအကျော့ အဝေးကွင်းမှာရှုံးထားတဲ့ ဆီနီဂေါတို့ ဒီပွဲမှာတော့ မဖြစ်မနေ နိုင်ပွဲပြန်ရဖို့ ကြိုးစားခဲ့ပြီး စောစောစီးစီးလည်း ဂိုးရခဲ့ပါတယ်။ ပွဲအစ (၃) မိနစ်မှာတင် ဆီနီဂေါတို့ ပြစ်ဒဏ်ဘောကတဆင့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို တိုက်စစ်မှူး ဒီရာက ပြေးဝင်ပိတ်သွင်းရင်း အီဂျစ်က ဖာသီ ကိုယ့်ဂိုးကိုယ် သွင်းခဲ့မိပါတယ်။
ဆီနီဂေါက ဒီပွဲမှာ မန်ဒီ၊ ကူလီဘာလေ၊ ဂွေယီ၊ မာနေး၊ အစ္စမေလ်ဆားတို့နဲ့ ပုံမှန်အတိုင်းပဲ အကောင်းဆုံး လူစာရင်းကို အသုံးပြုခဲ့ပါတယ်။ အဝေးကွင်းမှာ သရေရဖို့ လိုအပ်နေတဲ့ အီဂျစ်ကလည်း ဆာလာ၊ ထရက်ဇီဂက်၊ အယ်လ်နီနီတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
ပထမအကျော့မှာ အီဂျစ်တို့ OG နဲ့ စောစောစီးစီးရခဲ့သလို အခု ဒီပွဲမှာလည်း ဆီနီဂေါတို့ အလားတူ အနေအထားတရပ်ကို ပိုင်ဆိုင်ခဲ့တာ ကံကောင်းပါတယ်။ နောက်ပိုင်းမှာ နှစ်သင်းလုံးရဲ့ ကစားပုံက စိတ်ဝင်စားဖို့မကောင်းဘဲ အမှားမရှိအောင်သာ ထိန်းကစားခဲ့ကြပါတယ်။ ကစားပုံအရလည်း စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်။
နှစ်သင်းလုံးက ကစားသမားတွေက သာမန်ပေးပို့မှုကိုတောင် အလွဲလွဲအမှားမှားဖြစ်နေပြီး ဆာလာနဲ့မာနေးတို့လည်း ရုန်းကန်ခဲ့ရပါတယ်။ ဆီနီဂေါတို့ ဦးဆောင်ရင်းနဲ့ပဲ ပထမပိုင်းပြီးခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဆီနီဂေါက အသာစီးရတယ်ဆိုရုံ ဖိကစားခဲ့ပါတယ်။
နှစ်သင်းလုံး ကစားသမားတွေ အပြောင်းအလဲလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း ပွဲပြီးခါနီးမှာ အီဂျစ်တို့ ဖိကစားခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။ ဆီနီဂေါလည်း အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ အချိန်ပို ဆက်ကစားခဲ့ရပြီး ဂိုးမရခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ပထမဆုံး ပင်နယ်တီနှစ်လုံးဆက်တိုက်အထိကို နှစ်သင်းလုံးက ကစားသမားတွေ လွဲချော်ခဲ့ပါတယ်။ ဆာလာကလည်း မိုးပေါ်ထောင်ကန်ခဲ့ပြီး အီဂျစ်က ပင်နယ်တီတလုံးသာ ဝင်ခဲ့ပါတယ်။ ဆီနီဂေါကတော့ မာနေးရဲ့ နောက်ဆုံးပင်နယ်တီသွင်းဂိုးနဲ့အတူပဲ ပင်နယ်တီမှာ ၃-၁ ဂိုးနဲ့အနိုင်ရရှိကာ ကမ္ဘာ့ဖလားကို သွားရောက်ခွင့်ရရှိခဲ့ပါတယ်။