လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်က လက်စတာစီးတီးအိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းတစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်တွေကို ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပုံမှန်အတိုင်းပဲ လက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ၁၅ မိနစ်အကြာမှာ မိုဟာမက် ဆာလား ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပေမယ့် အီဂျစ်တိုက်စစ်မှူးရဲ့ ကန်ချက်ကို ကာကွယ်ပုတ်ထုတ်ခံခဲ့ရပြီး ပြန်ထွက်လာတဲ့ဘောလုံးကို ခေါင်းတိုက်ရာမှာလည်း ဂိုးဘားတန်းထိသွားခဲ့တာဖြစ်ပါတယ်။

ဆာဒီယို မာနေးကလည်း အခွင့်အရေးအများအပြားကို ဖြုန်းတီးပစ်ခဲ့ပြီး ၅၉ မိနစ်မှာ လွတ်ခ်မန်းက လက်စတာစီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့တာစြဖ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် လက်စတာစီးတီးနဲ့ပွဲစဉ်ဟာ ယခုရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နေတဲ့ မန်ချက်စတာစီးတီးနဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။
"သူတို့တွေ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အဲဒါကလည်း ကျွန်တော်တို့နဲ့ ဆိုင်တယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှာ ဆိုးရွားခဲ့တယ်လို့ ထင်ပါတယ်။ ဖြတ်တင်ဘောအများကြီးကို သူတို့ ကာကွယ်နိုင်ခဲ့တယ်။ အားလုံးခြုံပြောရရင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မဟုတ်ခဲ့ပါဘူး။ သူတို့တွေ အများကြီး ဖန်တီးမှု မလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့တွေက အန္တရာယ်ရှိတဲ့ပုံပေါ်ခဲ့ပြီး အဲဒီလို လုပ်တဲ့နေရာမှာ သူတို့က တော်ပါတယ်"
"သူတို့ကို ချီးကျူးရမှာပါ။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး တိုးတက်အောင် လုပ်ရပါလိမ့်မယ်။ အဲဒါက ဘောလုံးရဲ့ တစိတ်တပိုင်းပါပဲ။ ကျွန်တော် အဆုံးအထိ ဆက်ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဒီနေ့က ဂိုးပိုက်ထဲ ဘောလုံးဝင်သွားတဲ့ နေ့မဟုတ်ခဲ့ဘူး။ ပင်နယ်တီ လွဲတယ်ဆိုတာ ဖြစ်တတ်ပေမယ့် အဲဒါက စိတ်ပျက်စရာ ကောင်းပါတယ်။ ခင်ဗျား ဂိုးလည်း မပေးချင်ဘူးဆိုတာ သိသာပါတယ်"
"ကျွန်တော်တို့ လွတ်ခ်မန်းကို နေရာလွတ်ထဲကို ဝင်ခွင့်ပေးခဲ့ပြီး ကံဆိုးစွာနဲ့ ဂိုး ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်မယ့် အခွင့်အရေးဖန်တီးမှုတွေနဲ့ တုံ့ပြန်မှုတွေ လုပ်နိုင်ခဲ့တဲ့အချိန်တွေရှိခဲ့တယ်။ ခင်ဗျား အဲဒါကိုလည်း သူတို့ကို အသိအမှတ်ပြု ချီးကျူးရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။