မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ဝင်ရောက်မှု လုံးဝ ရပ်ဆိုင်းလိုက်တာကြောင့် ခရီးသွားဧည့်သည်တွေ နိုင်ငံတွင်း ဈေးဝယ်ထွက်ခြင်းကနေ ဝင်ငွေရရှိမှု အပြင် ခရီးသွားတွေ အသုံးပြုတဲ့ အခြားကဏ္ဍတွေကနေ ဝင်ငွေရရှိမှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။
COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှုစစ်တမ်းအရ သိရပြီး နိုင်ငံခြားခရီးသွားတွေ ဈေးဝယ်ထွက်ခြင်းကနေ ကန်ဒေါ်လာ သန်း ၄၀ ကျော်၊ အခြားဆက်စပ်ကဏ္ဍတွေကနေ ဝင်ငွေရရှိမှု ကန်ဒေါ်လာ သန်း ၆၀ ကျော် စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ကျဆင်းသွားခဲ့ရတာပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကနေ မေလအထိ ခရီးသွားတွေ ဈေးဝယ်ထွက်ခြင်းနဲ့ ဆက်စပ်ကဏ္ဍတွေကနေ အမေရိကန်ဒေါ်လာ ၁၉၃သန်းကျော် ရှိခဲ့ပြီး ယခုနှစ် ၂၀၂၀ ဇန်နဝါရီလ ကနေ မေလအထိကိုမူ ကဏ္ဍနှစ်ခုပေါင်းကို အမေရိကန်ဒေါ်လာသန်း ၉၀ ကျော် သာဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။
" ဒီကိုဗစ်ကာလက ဘာဝင်ငွေမှ မရှိဘူး၊ ဒီတော့ ၁ လပိုင်း ကနေ ၃ လပိုင်းအထိ ဝင်ငွေတွေကို ကယ်ရီ ယူထားတာပေါ့။ စစ်တမ်းမှာလည်း ရှင်းလင်းဖော်ပြထားပါ တယ်။ ၁ လပိုင်းကနေ ၅ လပိုင်းအထိ ဖြစ်တယ်။ ၁ လပိုင်းတုန်းက ကိုဗစ်က တရုတ်ပြည်မှာပဲရှိသေးတယ် မြန်မာပြည်ကိုကူးစက်ပျံ့နှံ့ ရောက်မလာသေးဘူး။ အဲ့တော့ ခရီးသွားက ဝင်နေသေးတယ်။ခုကတော့ လုံးဝအဝင်မရှိတော့ဘူး၊ ဗီဇာတွေလည်းရပ်ထားတယ်။"လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်အေးဟန်ကပြောပါတယ်။
COVID-19 ကာလအတွင်း မြန်မာနိုင်ငံကို ခရီးသွားဧည့်သည်ဝင်ရောက်မှုက ၂၀၂၀ ခုနှစ် ပထမ ၅ လအတွင်း ခရီးသွား ၈ သိန်းကျော်သာရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ပထမ ၅ လကမူ ခရီးသွားဧည့်သည် ၁၈ သိန်းကျော် ဝင်ရောက်ခဲ့တာပါ။ ဒါကြောင့် ကာလတူနှစ်ခုကိုနိူင်းယှဉ်ပါက ခရီးသွား ၁ သန်း ဝန်းကျင် လျော့ကျသွားတယ်လို့သိရပါတယ်။
လက်ရှိမှာလည်း ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုကို ရပ်ဆိုင်းထားဆဲဖြစ်သလိုပြည်ပ လေကြောင်းလိုင်းတွေကိုလည်း ဇွန်လ ၃၀ရက်အထိ ယာယီ ပြေးဆွဲခွင့်ရပ်နားထားဆဲဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေရရှိမှုကနေ ယခင်နှစ်ကထက် ထက်ဝက်ကျော်ကျဆင်းခဲ့ပြီး ဟိုတည်နဲ့ တည်းခိုရိပ်သာ ကဏ္ဍမှာဆိုရင် ယခင်နှစ်ကထက် ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီဝင်ငွေရရှိမှုက ကန်ဒေါ်လာ၁၄၆ သန်းကျော်၊ နိုင်ငံခြားခရီးသွားတွေ ပြည်တွင်းမှာ ဈေးဝယ်ထွက်လို့ ရရှိတဲ့ဝင်ငွေကနေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်နဲ့ကိုဗစ် ၁၉ ဂယက်ကြောင့် စားသောက်ဆိုင်လုပ်ငန်းဝင်ငွေ မနှစ်ကထက် ထက်ဝက်ကျော် ကျဆင်းကန်ဒေါ်လာ သန်း ၆၀ ကျော် အသီးအသီးလျော့ကျသွားခဲ့တာပါ။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။