ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း၊ ကန့်သတ်ချက်ကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၃၁ ) ရက်နေ့ အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

COVID-19 ရောဂါကာကွယ်ရေး ကြိုတင်စီမံချက်အဖြစ် ပြည်ပလေကြောင်းလိုင်း ပြေးဆွဲမှုတွေကို မတ်လ ၃၀ ရက်က စတင်ပြီးယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရောဂါထိန်းချုပ်ကာကွယ်ရေးတွေ ပိုမိုထိန်းချုပ်နိုင်စေရန်အတွက်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလတွေကို ထပ်တိုးခဲ့ရာမှာ အခုဆို သြဂုတ်လ ၃၁ ရက်အထိ ထပ် မံ တိုးမြှင့်လာခဲ့တာပါ။ လက်ရှိမှာ ပြည်ပခရီးသည်တင်လေကြောင်းလိုင်းတွေကတော့ ပြည်ပနိုင်ငံတွေမှာ နေရေးအခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်တဲ့အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်အဖြစ်နဲ့သာ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။
အရေးပေါ်အစိုးရတာဝန်ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စရပ်တွေကြောင့် ပြည်ပနိုင်ငံသားတွေ (သံတမန်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းတွေအပါအဝင်) မြန်မာနိုင်ငံကို ပျံသန်းပြေးဆွဲရန်ရှိတဲ့ ကယ်ဆယ်ရေးလေယာဉ် (ဒါမှမဟုတ်) အထူးလေယာဉ်နဲ့ လာရောက်ဖို့ ရှိတယ် ဆိုပါက ပြည်ဝင်ခွင့် ဗီဇာ ကင်း လွတ်မှု ရရှိအောင် ပြည်ပနိုင်ငံတွေက မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေက ဆက်သွယ် အကူအညီ တောင်း ခံဖို့လည်း ညွန်ကြားထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို အရေးပေါ်သွားလိုသူတွေအနေနဲ့ အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်၊အထူးလေယာဉ်နဲ့ သွားလို့ရအောင်စီစဉ်နေတယ်လို့သိရပါတယ်။ ပြည်ပမှာ ဆေးကုဖို့ လိုအပ်နေသူတွေ၊ ကျောင်းသွားတက်မယ့်သူတွေ၊အလုပ်ပြန်သွားလုပ်မယ့်သူတွေနဲ့ အခြား အ ကြောင်းတွေကြောင့် အရေးပေါ်သွားလိုသူတွေဟာ မိမိစရိတ်နဲ့ ကိုဗစ်-၁၉ ပိုးကင်းရှင်းကြောင်း ဓာတ်ခွဲစစ်ဆေး ပြီးသွားနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 3ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ပြေးဆွဲပျံသန်းမှုများကိုမူ ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။