ကန့်သတ်ချက်အချို့ကို ဇွန်လ ၁၅ ရက်အထိ တိုးမြှင့်ထားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြေးဆွဲခွင့်ရပ်ဆိုင်းထားတဲ့ကာလကို ဇွန်လ ၁၅ ရက်နေ့အထိ ထပ်မံတိုးမြှင့်သွားမှာဖြစ်တယ်လို့ ဒီနေ့မေလ ၂၉ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်ပြေးဆွဲမှုကိုတော့ ပုံမှန် ဝန်ဆောင်မှုပေးနေပြီး ခရီးသည်တွေအနေနဲ့COVID-19 ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်အောင် လေဆိပ်အတွင်းချမှတ်ထားတဲ့ ကျန်းမာရေးသတိပေးချက်တွေ လိုက်နာကြဖို့ကိုလည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကသတင်းထုတ်ပြန်ထားပါတယ်။



ဒါ့အပြင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို့ အတွက် ဖြေလျှော့ပေးလိုက်တဲ့ ကိစ္စတွေကလွဲပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ပြည်ထောင်စုဝန်ကြီးဌာနတွေက မေလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ပြည်သူသို့ ပန်ကြားချက်၊ အမိန့် ၊ အမိန့်ကြော်ငြာစာတွေကို ဇွန်လ ၁၅ ရက်နေ့အထိ တိုးမြှင့် လိုက်တယ်လို့ COVID-19 ကာကွယ်၊ထိန်းချုပ်ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီက မနေ့က ကြေညာထားပါတယ်။ 

အဆိုပါ တိုးမြှင့်သတ်မှတ်ချက်တွေမှာ လူစုလူဝေးနဲ့ပြုလုပ်ရတဲ့အခမ်းအနားတွေ၊ ပွဲလမ်းဘသင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ပြည်ပလေကြောင်းလိုင်းတွေရပ်နားထားရေးစတဲ့ကန့်သတ်ချက်တွေပါဝင်နေတာလည်း ဖြစ်ပါတယ်။ “ ကျွန်တော်တို့ ရုပ်ရှင်ရုံတွေလည်းပြန်ဖွင့်ခွင့်မရသေးပါဘူး။ အရင်အတိုင်းပိတ်ထားဆဲပါပဲ။ ဘာညွန်ကြားချက်မှ ထွက်မလာသေးပါဘူး” လို့ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံမှ မန်နေဂျာ ဦးမြတ်ခိုင်စိုးက Duwun ကိုပြောပါတယ်။

ဒီကန့်သတ်ချက်တွေကို ပထမအကြိမ် ဧပြီလ ၃၀ ရက်ကနေ မေလ ၁၅ ရက်အထိ၊ ဒုတိယအကြိမ် မေလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့ပြီးနောက် အခု တတိယအကြိမ် အဖြစ် ဇွန်လ ၁၅ ရက်နေ့ အထိ ထပ်မံတိုးမြှင့်ထားတာလည်းဖြစ်ပါတယ်။

ဒီလိုကန့်သတ်ချက်တွေကို တိုးမြှင့်ထားခဲ့ပေမယ့် အချို့ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ရာမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် လေးမြို့နယ်ကို Stay At Home အစီအစဉ်ကနေ ဖျက်သိမ်းခဲ့ပြီး လူငါးဦးနဲ့အထက်ပိုစုနိုင်တဲ့ ကိစ္စရပ်တစ်ချို့ကို ခွင့်ပြုပေးလိုက်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Stay at Home အစီအစဉ်က ဖျက်သိမ်းခဲ့တဲ့ မြို့နယ် (၄) ခုကတော့ ဗဟန်း၊တောင်ဥက္ကလာ၊ ပန်းဘဲတန်းနဲ့ တာမွေမြို့နယ်တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်လေးခုနဲ့ စစ်ကိုင်းတိုင်းက ကလေးမြို့နယ်တို့ကိုလည်း Stay at Home အစီအစဉ်ကနေဖျက်သိမ်းခဲ့တာကြောင့်အခုဆိုရင် အင်းစိန်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်တို့သာ Stay at Home အစီအစဉ်မှာ ကျန်ရှိနေတာလည်းဖြစ်ပါတယ်။

လူငါးဦးနဲ့အထက်ပိုစုနိုင်တဲ့ကိစ္စရပ်တွေကတော့ အစိုးရဌာန၊အဖွဲ့အစည်း၊ကုမ္ပဏီ၊စက်ရုံ၊အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ခြင်း၊ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေ၊ အစိုးရဌာနအဖွဲ့အစည်း၊ စက်ရုံ၊အလုပ်ရုံ၊ ကုမ္ပဏီတွေမှာ ဆောင်ရွက်ရမယ့် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ သင်တန်းတွေကို ကျန်းမာရေးညွန်ကြားချက်နဲ့ အညီ ဖွင့်လှစ်ခြင်း၊ ကျန်းမာရေးနဲ့အညီ ဖွင့်ခွင့်ပြုထားတဲ့စားသောက်ဆိုင်တွေမှာစားသောက်ခြင်းနဲ့ မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းတွေ၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အများပြည်သူအတွက် လိုအပ်တဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခြင်း စတဲ့ ကိစ္စရပ်တွေကို ခွင့်ပြုပေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က