• ပြည်တွင်းဖြစ် OS သစ်တစ်ခု ဖန်တီးဖို့ တရုတ်နည်းပညာကုမ္ပဏီကြီးနှစ်ခု ပူးပေါင်း

Windows နဲ့ Mac တို့ကို ဖယ်ရှားဖို့ ကြိုးပမ်းချက်များလား

တရုတ်နိုင်ငံရဲ့ အကြီးဆုံး Operating System ရေးဆွဲတဲ့ ကုမ္ပဏီကြီး နှစ်ခုဟာ ပြည်တွင်းထုတ် Operating System သစ်တစ်ခုကို တည်ဆောက်ဖို့ ပူးပေါင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာ China Standard Software (CS2C) နဲ့ Tianjin Kylin Information (TKC) ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီး နှစ်ခုတို့ ပူးပေါင်းပြီး OS သစ်တစ်ခု ဖန်တီးမယ့်အကြောင်း ကြေညာခဲ့တာပါ။ ဘေဂျင်းအစိုးရနဲ့ ဆက်စပ်မှု ရှိတဲ့ ကုမ္ပဏီတွေအဖြစ် သတင်းထွက်ထားတဲ့ ဒီဆော့ဖ်ဝဲလ်ကုမ္ပဏီကြီး နှစ်ခုဟာ တရုတ် OS ဈေးကွက်မှာ နာမည်ကြီး ကုမ္ပဏီ နှစ်ခု ဖြစ်ပါတယ်။

image

Photo: zdnet


CS2C ဟာ တရုတ်ဖြစ် Windows XP clone လို့ လူပြောများတဲ့ NeoKylin OS ကို ဖန်တီးခဲ့ပြီး TKC ကုမ္ပဏီကလည်း တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် Operating System ဖြစ်တဲ့ Kylin စနစ်ကို စတင်ခဲ့တဲ့ ကုမ္ပဏီပါ။ CS2C နဲ့ TKC ကုမ္ပဏီနှစ်ခု ပေါင်းပြီး ကုမ္ပဏီသစ်တစ်ခု တည်ထောင်သွားမှာ ဖြစ်ပြီး ဒီကနေမှ OS သစ်တစ်ခုကို ပူးပေါင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့ ZDNet သတင်းမှာ ဖော်ပြထားပါတယ်။

CS2C နဲ့ TKC ကုမ္ပဏီနှစ်ခုပေါင်းပြီး တည်ထောင်ထားတဲ့ ကုမ္ပဏီသစ်ဟာ Operating System တည်ဆောက်ရေး ၊ နည်းပညာပိုင်း ဆုံးဖြတ်ချက်ချမှုများ ၊ ဈေးကွက်ရှာဖွေရေး ၊ ကုန်အမှတ်တံဆိပ် ကြော်ငြာခြင်း နဲ့ အရောင်းအဝယ်ပိုင်း အားလုံးကို လုပ်ဆောင်သွားမှာပါ။ ဒီအတွက် တရားဝင် သဘောတူစာချုပ်ချုပ်ဆိုမှုတစ်ရပ်ကို မကြာခင်မှာ လုပ်ဆောင်သွားမယ်လို့လည်း ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

တရုတ်ပြည်တွင်းဖြစ် OS သစ်မှာ အပြာရောင် Kylin Os logo နဲ့ အနီရောင် NeoKylin OS logo နှစ်ခု ပါလာမှာ ဖြစ်ပေမယ့် OS နာမည်ကိုတော့ မသိရသေးပါဘူး။ ဒီ OS သစ်နှစ်ခုလုံးဟာ ၂၀၀၁ ခုနှစ်က အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ်ပညာရှင်တွေ ပူးပေါင်း တည်ဆောက်ခဲ့တဲ့ မူလ Kylin OS ပေါ်မှာ အခြေခံထားတာပါ။ original Kylin OS ဟာ FreeBSD ပေါ် အခြေပြုပြီး နိုင်ငံခြားနည်းပညာတွေအပေါ် မှီခိုစရာမလိုစေဖို့ ပြည်တွင်းနည်းပညာကုမ္ပဏီတွေအတွက် အစိုးရရန်ပုံငွေအဖြစ် တည်ထောင်ထားတဲ့ 863 Program ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

FreeBSD ဗားရှင်း Kylin OS ကို တရုတ်စစ်တပ် ကွန်ရက်တစ်ချို့အတွင်းမှာပဲ အသုံးပြုနေပြီး သုတေသနနဲ့ လေ့လာရေးပရောဂျက်အဆင့်မှာပဲ ရှိနေတာပါ။ Linux အခြေခံထားတဲ့ Kylin OS တွေကတော့ FreeBSD ဗားရှင်းတွေထက် ပိုပြီး အောင်မြင်မှု ရရှိထားပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၃ ခုနှစ်တို့မှာ စတင်မိတ်ဆက်ခဲ့ပြီး အဲ့ဒီအချိန်က ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာတွေ ဖြစ်တဲ့ Tianhe-1 နဲ့ Tianhe-2 တို့မှာလည်း Galaxy Kylin နာမည်နဲ့ Kylin OS ဗားရှင်းကို အသုံးပြုထားပါတယ်။

NeoKylin OS (Photo: softpedia)

Kylin OS ကို အခမဲ့သုံးနိုင်တဲ့ လူထုသုံး community version အဖြစ်လည်း ထွက်ထားပြီး တစ်နှစ်ကို ဒေါင်းလုပ်ဆွဲမှုပေါင်း ၂၄ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ Kylin OS နဲ့ NeoKylin OS တို့ဟာ တရုတ်ပြည်တွင်း PC ကွန်ပျူတာဈေးကွက်အတွင်းမှာ ထိပ်တန်း OS တွေဖြစ်တဲ့ Apple နဲ့ Microsoft တို့နဲ့ ယှဉ်လို့တော့ မရသေးပါဘူး။

တစ်ခုရှိတာက တရုတ်အစိုးရပိုင်းကဏ္ဍတွေမှာ CS2C နဲ့ TKC တို့ နှစ်ခုပေါင်းဟာ ဈေးကွက်ဝေစု ၉၀% ရထားတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရဟာလည်း အမေရိကန်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ လျှို့ဝှက် Backdoors တွေကနေ ရှောင်ရှားနိုင်ဖို့အတွက် Windows အစား ပြည်တွင်းဖြစ် ကိုယ်ပိုင် Operating System တစ်ခု တည်ဆောက်ဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က