ဒီနေ့ခေတ်မှာ ပုံမှန်ဝင်ငွေရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက်တောင် ပိုက်ဆံပုံမှန်စုဖို့ဆိုတာ ခက်ခဲလာတဲ့ အခြေအနေဆိုတာ အားလုံးအသိပါ။ နိစ္စဓူဝကုန်ကျစရိတ်တွေ၊ အလှကုန်၊ အဝတ်အစားကုန်ကျမှုတွေ၊ သာရေးနာရေး ကိစ္စတစ်ချို့အတွက်တင်မကဘဲ ကိုယ်ဝါသနာပါတဲ့အရာ ဥပမာ ခရီးသွားရတာ သဘောကျတဲ့သူဆိုရင်လည်း အဲဒီဝါသနာအတွက် ကုန်ကျစရိတ်တွေ ရှိနိုင်ပါတယ်။ ဒါတောင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ တစ်ပတ်တစ်ခါ အပြင်ထွက်မုန့်စားတာ၊ Night Out လုပ်တာမျိုးတွေ မပါသေးပါဘူး။ ဒီတော့ ကိုယ့်မှာရှိတဲ့ ပိုက်ဆံ၊ လခစတာတွေကို ပုံမှန်စုချင်ပါလျက်နဲ့ မစုဖြစ်တဲ့သူတွေအတွက် ပိုက်ဆံစုတဲ့ အလေ့အကျင့်အလေးတွေ ဘယ်လိုပျိုးထောင်နိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) တစ်လကိုယ့်အသုံးစရိတ်ဘယ်လောက်ရှိသလဲ တွက်ပါ။
ကိုယ့်ဝင်ငွေနဲ့ယှဉ်ပြီး တစ်လလုံးကိုယ်ဘယ်လောက်သုံးမိသလဲဆိုတာ တွက်ချက်ကြည့်ပါ။ ပြီးတဲ့အခါ မဖြစ်မနေကိုယ်သုံးရတဲ့ တစ်လစာအသုံးစရိတ်ငွေပမာဏကို ဖယ်ထားပြီး တခြားအပိုဘာတွေသုံးမိသလဲဆိုတာ ထပ်တွက်ပါ။ ဒီနှစ်ချက်သိပြီဆိုရင်တော့ ဘယ်ဟာကမဖြစ်မနေသုံးရမယ်ဆိုတာနဲ့ အပိုသုံးတဲ့အရာတွေက ဘာဆိုတာ သေချာသိသွားမှာမို့ အပိုသုံးတဲ့ငွေပမာဏကို နောက်လတွေမှာ လျှော့နိုင်သမျှလျှော့သုံးကြည့်ပါ။
(၂)အပြင်ထွက်စားတဲ့အကြိမ်ရေကိုလျှော့ပြီး အိမ်ထမင်း၊ဟင်းကိုပဲ စားပါ။
တစ်ပတ်မှာ လေးရက်လောက် ညနေရုံးဆင်းတိုင်း ဆိုင်ထိုင်ဖြစ်နေတယ်ဆိုရင် အဲဒီအကြိမ်ရေကို လျှော့ချကြည့်ပါ။ အပြင်မှာစားတဲ့အကျင့်ပြင်ပြီး သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူနဲ့ တစ်ပတ်မှာ တစ်ခါလောက်ပဲ ထွက်စားမယ်ဆိုရင် ကုန်ကျစရိတ်အများကြီးသက်သာသွားမှာဖြစ်လို့ အဲဒါကို စုဆောင်းလို့ရပါတယ်။
(၃) အလဟဿငွေကုန်နေရတဲ့အရာတွေက ဘာဆိုတာ မဖြစ်မနေဖော်ထုတ်ပါ။
လူတစ်ယောက်ချင်းစီရဲ့ အကြိုက်နဲ့အကျင့်တွေပေါ်မူတည်ပြီး သူတို့မလိုအပ်ဘဲ ဖြုန်းသလိုဖြစ်နေတဲ့ ငွေကုန်ပေါက်တွေ ရှိကြပါတယ်။ လောင်းကစားလုပ်တာ၊ အဝတ်အစားတွေမလိုအပ်ဘဲ ဝယ်တာ၊ အလှကုန်တွေ လိုလိုမလိုလို လျှောက်ဝယ်တာစတဲ့ တခြားဘယ်နေရာတွေမှာ ငွေတွေဆုံးရှုံးနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အားမနာတမ်းဖော်ထုတ်ပြီး အဲဒီအရာတွေကို ပြုပြင်ဖို့ကြိုးစားရပါလိမ့်မယ်။
(၄) ငွေကိုရင်းနှီးမြှပ်နှံပါ။
ငွေပိုလေးရှိလာတဲ့အခါ၊ လစာဝင်လာတဲ့အခါ ငွေကို အကျိုးအမြတ်ပြန်လည်ရရှိမယ့်နေရာတစ်ခုခု၊ စီးပွားရေးတစ်ခုခုမှာ ရင်းနှီးမြှပ်နှံတာကလည်း ကောင်းတဲ့အလေ့အကျင့်ပါပဲ။
(၅) လတိုင်းဆောင်ရတဲ့ ဘေလ်တွေကိုလည်း ပြန်စစ်ဆေးပါ။
ပုံမှန်လတိုင်းပေးဆောင်ရတဲ့ မီတာခ၊ ရေခွန် နဲ့ တခြားသောဘေလ်တွေရှိရင်လည်း ဒါတွေကို တစ်လတစ်လစုစုပေါင်း ဘယ်လောက်ကျသလဲဆိုတာ ပြန်တွက်ပြီး ဘယ်လကတော့ဖြင့် များတယ်၊ ဘယ်လကတော့ဖြင့် နည်းတယ်၊ ဘာ့ကြောင့်နည်းတာလဲဆိုတာကို အဖြေရှာပြီး ချွေတာနိုင်သမျှချွေတာမယ်ဆိုရင် ဒီဘက်ပိုင်းမှာလည်း အကုန်အကျနည်းသွားပါလိမ့်မယ်။
(၆) လက်ဆောင်တွေအတွက် တအားသုံးတာမျိုးလည်း လျှော့ပါ။
ဘာပွဲ၊ ညာပွဲတွေ၊ ပါတီတွေ အချိန်တိုင်းသွားနေရလို့ အဝတ်အစားဖိုးကတစ်မျိုး၊ လက်ဆောင်အတွက် ကုန်ကျငွေကတစ်မျိုးနဲ့ အားလုံးစုပြီးတွက်ချလိုက်တဲ့အခါ ခေါင်းကိုက်စရာဖြစ်သွားတတ်တာမို့ အဲဒီဘက်ကိုလည်း တတ်နိုင်သလောက်ငါဘာတွေလျှော့ချနိုင်မလဲဆိုတာ တွေးကြည့်ပါ။
(၇) ပိုက်ဆံအိတ်ထဲ လိုအပ်သလောက်ပဲ ထည့်သွားပါ။
မလိုအပ်တဲ့နေရာတွေမှာ မသုံးဖြစ်အောင် ပိုက်ဆံကိုပုံမှန်လိုအပ်တဲ့ပမာဏလောက်ပဲ ထည့်ထားသင့်ပါတယ်။ အပိုထည့်ထားတဲ့အခါ တစ်နေရာရာမှာ discount ဘာညာတွေ့တာနဲ့ တန်းဝယ်မိတာမျိုး၊ sales တွေချနေလို့ မလိုအပ်ဘဲ ဝယ်မိတာမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်ဖြစ်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
(၈) ဘာအတွက် ဘယ်လိုစုမယ်ဆိုတဲ့ စိတ်လေးရှိပါစေ။
ငွေစစုပြီဆိုကတည်းက ငါလတိုင်း ဒီငွေပမာဏကို ဘာအတွက်မဖြစ်မနေစုမယ်ဆိုတဲ့စိတ်လေးထားရှိနိုင်ရင် ကောင်းပါတယ်။ ပစ္စည်းတစ်ခုခုဝယ်ဖို့စုတာမျိုးဖြစ်ဖြစ်၊ ကိုယ်ကျောင်းတစ်ခုတက်ဖို့ကြိုစုတာပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးအတွက် စုတာမျိုးဖြစ်ဖြစ် စုရတဲ့အကြောင်းအရင်းနဲ့ စိတ်အားထက်သန်မှုလေးရှိမယ်ဆိုရင် ပိုကောင်းပါတယ်။
ဒီအချက် (၈)ချက်ကတော့ ငွေစုတဲ့အလေ့အကျင့်လေးစတင်ပျိုးထောင်မယ့် မဒီတွေအတွက် အများကြီး အကျိုးရှိစေမှာပါ။
ပိုက်ဆံစုတဲ့အလေ့အကျင့်လေးဟာ လူငယ်တိုင်း ပျိုးထောင်သင့်တဲ့ အရာလို့ ထောက်ခံလာတဲ့ Logistics Coordinator မယမင်းအဥ္ဇလီကတော့ သူမ ငွေဘယ်လိုစုဖြစ်ပုံနဲ့ အကျိုးကျေးဇူးတွေဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းကို “ပိုက်ဆံစုတဲ့ အလေ့အကျင့်လေးစတင်ဖြစ်တာ ၂နှစ်ခွဲလောက်ရှိပါပြီ။ ရုံးကလစာကို ATM card နဲ့မတွဲထားတဲ့ ငွေစုစာအုပ်ထဲပဲ ထည့်ဖြစ်ပါတယ်။ အဲ့ဒီနည်းလေးနဲ့ပဲ စုဖြစ်နေပါတယ်။ ပိုက်ဆံစုဖြစ်တဲ့အခါကျတော့ ကိုယ့်ဘဝရှေ့ရေးအတွက် ပူပင်စရာမလိုတော့ဘူး။ အရေးတကြီးသုံးစရာရှိလာရင်လည်း စိတ်ပူစရာမလိုတော့ဘူး။ ပိုက်ဆံဆိုတာကတော့ ကိုယ့်လက်ထဲရှိနေလေ၊ ကောင်းလေပဲကိုနော်။” လို့ ပြောပြပေးသွားပါတယ်။ ဒါ့အပြင် သူမကပဲ ခုမှပိုက်ဆံစစုမယ့် အခြားသောလူငယ်တွေကို “ပိုက်ဆံကို ချွေတာပြီး ကိုယ်လိုအပ်တာကိုပဲ သုံးဖို့စကြိုးစားကြည့်ပါ။ ကိုယ်ရတဲ့လစာရဲ့ လေးပုံတစ်ပုံကိုတော့ မဖြစ်မနေဖယ်ပြီး စုထားသင့်ပါတယ်။ ဒါဆို နောင်ရေးအတွက် စိတ်အေးရပါလိမ့်မယ်” လို့ အကြံပေးသွားပါတယ်။
ဒါ့ကြောင့် လူငယ်တွေအနေနဲ့ ပိုက်ဆံစစုတော့မယ်ဆိုရင် ကိုယ်နဲ့အဆင်ပြေမယ့်နည်းလေးကို စသုံးပြီး ကိုယ်စုမယ့်ပမာဏက နည်းရင်နည်းနေပါစေ၊ စစုတဲ့အကျင့်လေးကိုသာ ဖြစ်မြောက်အောင်ပျိုးထောင်ပါ။ ဒီပိုက်ဆံစုတဲ့အကျင့်လေးရသွားပြီဆိုရင် ကိုယ့်အနာဂတ်မှာ စိုးရိမ်ပူပန်နေတဲ့ အရာတစ်ချို့ကို ဖြေရှင်းပြီးသားဖြစ်သွားမှာ မယုံမရှိပါနဲ့။