COVID-19 ပိုးတွေ့ရှိထားသူ မလေးရှားပြန် လူနာ ၉ ဦးအနက် ၈ ဦးဟာ မေလ ၁၁ ရက်နေ့က MH742 လေယာဉ်နဲ့ ပြန်လာခဲ့တဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။
မလေးရှားအစိုးရအစီအစဉ်နဲ့ ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးခဲ့တဲ့ မလေးရှားထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၃၉၁ ဦးတို့ဟာ မေလ ၁၁ ရက်နေ့က မလေးရှားလေကြောင်းလိုင်း MH742 လေယာဉ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဆိုပါ မြန်မာနိုင်ငံသား ၃၉၁ ဦးထဲက ၈ ဦးမှာ COVID-19 ပိုးတွေ့ရှိထားတာဖြစ်ပါတယ်။
မေလ ၁၆ ရက်ကနေ မေလ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ လူနာအမှတ် ၁၈၂ ၊ ၁၈၄ ကနေ ၁၉၁ အထိ စုစုပေါင်း လူနာ ၉ ဦးစလုံးဟာ မလေးရှားက ပြန်လာသူတွေ ဖြစ်ပြီး လူနာအမှတ် ၁၈၄ က လွဲရင် ကျန်တဲ့ ၈ ဦးစလုံးဟာ လေယာဉ်တစ်စီးတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။
“ မလေးရှားပြန် ပိုးတွေ့လူနာ ၉ ယောက်မှာ ၈ ယောက်က ဆက်စပ်မှုရှိတယ်။ ၈ ယောက်က မေလ ၁၁ ရက်နေ့ ညနေ ၃ နာရီက MH742 လေယာဉ်နဲ့ ပြန်လာတဲ့သူတွေပါ။ လူနာအမှတ် ၁၈၄ ကတော့ မေလ ၈ ရက်က ပြန်လာတဲ့အသုတ်ထဲကပါ။” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
လက်ရှိမှာ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မေလ ၈ ရက်နေ့က ပထမအကြိမ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရသူ ၉၃ ဦး၊ မေလ ၁၁ ရက်နေ့ကတော့ မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေက ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၃၉၁ ဦး ၊ စုစုပေါင်း မလေးရှားက ပြန်လာသူ မြန်မာနိုင်ငံသား ၄၈၄ ဦးရှိနေပြီး ဒီကနေ့ မေလ ၂၀ ရက် ညနေမှာလည်း MAI လေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ်နဲ့ ၁၇၅ ဦး ပြန်လာမယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကသတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိပိုးတွေ့ထားသူ မလေးရှားပြန်လူနာ ၉ ဦးကတော့ လူနာအမှတ် ၁၈၂ (ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်)၊ လူနာအမှတ် ၁၈၄ (ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်)၊ လူနာအမှတ် ၁၈၅ (တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်) ၊ လူနာအမှတ် ၁၈၆ ၊ ၁၈၇ (ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်) ၊ လူနာအမှတ် ၁၈၈ (ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်)၊ လူနာအမှတ် ၁၉၀(ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်)၊ လူနာအမှတ် ၁၈၉ (မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်)နဲ့ လူနာအမှတ် ၁၉၁( ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်) တို့က ဖြစ်တယ်လို့သိရပါတယ်။
အစိုးရက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရေးတွေပြုလုပ်ခဲ့ပြီးတဲ့နောက်
မေလ ၁၆ ရက်ကနေ မေလ ၂၀ ရက်နေ့မနက်အထိ ပြည်ပက ပြန်လာသူ ၁၁ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး ၉ ဦးက မလေးရှားပြန်တွေ ဖြစ်ကာ ၂ ဦးကတော့ ယူအေအီးနိုင်ငံက ပြန်လာသူ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အချက်အလက်တွေ အရသိရပါတယ်။