ဇွန်လ၅ရက်နေ့ မနက်ပိုင်းအထိ COVID-19ရောဂါကင်းစင်ပြီး ပိုးတွေ့လူနာတစ်ဦးမှမတွေ့ရှိထားတဲ့ ကယားပြည်နယ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ရင် Quarantine ဝင်ရောက်နေသူကလည်း အနည်းဆုံးပြည်နယ်တစ်ခုဖြစ်နေပါတယ်။
လက်ရှိကယားပြည်နယ်မှာ Quarantine စင်တာပေါင်း (၃၅)ခုရှိပြီး Quarantine ဝင်ရောက်နေသူကလည်း (၂၀၈)ဦးသာ ရှိတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အွန်လိုင်းဆွေးနွေးပွဲမှာ ကယားပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက တင်ပြခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော်တို့ကယားပြည်နယ်မှာက ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရတဲ့အခါမှာ သိပ်အခက်အခဲမရှိပါဘူး။ Quarantine ဝင်ရောက်နေတဲ့သူအင်အားနဲ့ စေတနာ့ဝန်ထမ်းတွေ အလှူရှင်တွေရဲ့အင်အားတွေက လုံလောက်မှုရှိတယ်လို့ပြောလို့ရပါတယ်။ အခုကယားပြည်နယ်က Quarantine စင်တာ ၃၅ မှာ ၁၆ခုမှာသာလျှင် Quarantine ဝင်နေတဲ့သူရှိတယ်။ Quarantine ဝင်နေတဲ့သူကလည်း (၂၀၈)ဦးပဲရှိသလို စေတနာ့ဝန်ထမ်းအင်အားကလည်း ၂၀၀ကျော်ရှိတော့ နိုင်နိုင်နင်းနင်းလုပ်ဆောင်နိုင်နေပါတယ်”လို့ ကယားပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးကပြောပါတယ်။
မြန်မာနိုင်ငံမှာ Quarantine ဝင်ရောက်နေမှုအများဆုံးက မကွေးတိုင်းဒေသကြီးဖြစ်ပြီး လူဦးရေ (၁)သောင်းကျော်အထိ Quarantine ဝင်ရောက်နေတာဖြစ်ပါတယ်။
ကယားပြည်နယ်မှာ Quarantine ဝင်ရောက်နေတဲ့ (၂၀၈)ဦးမှာ ပြည်တွင်းက (၉၁)ဦးနဲ့ ပြည်ပက (၁၁၇)ဦးဖြစ်ပြီး ပြည်ပကပြန်လာတဲ့သူတွေထဲမှာ ထိုင်းကအများဆုံးဖြစ်တယ်လို့ရပါတယ်။
ကယားပြည်နယ်မှာက မြို့နယ် (၇)မြို့နယ်ရှိပြီး လူဦးရေ (၃)သိန်းကျော်နေထိုင်လျှက်ရှိရာ လက်ရှိအချိန်ထိ COVID 19ရောဂါကို ကာကွယ်ထိန်းချုပ်ထားနိုင်ပြီး လူနာတစ်ဦးမှမတွေ့ရှိသေးတဲ့ ပြည်နယ်ဖြစ်ပါတယ်။