Meta Quest ကို ယှဉ်ပြိုင်မယ့် Sony ရဲ့ မျိုးဆက်သစ် PlayStation VR 2 Headset ဒီဇိုင်း ထွက်လာပြီ ဖြစ်ပါတယ်။
PlayStation 5 ပုံစံ အဖြူ-အမည်းကာလာဖွဲ့စည်းမှု သုံးထားတဲ့ ဒီဇီုင်းဖြစ်ပြီး original PlayStation VR ရဲ့ ဘုတ်ဒီဇိုင်းအတိုင်း သုံးထားပေမယ့် မှန်ဘီလူးချိန်ညှိမှုပိုင်း အဆင့်မြှင့်တင်ထားသလို Vent ဒီဇိုင်းသစ်နဲ့ ဝိတ်လည်း နည်းနည်း လျှော့ထားတယ်လို့ The Verge က ဖော်ပြပါတယ်။ PlayStation VR2 သစ်ဟာ PS5 နဲ့ PS DualSense Controller တွေနဲ့ ဆင်ပြီး PlayStation Icons လေးတွေကို Headset ရဲ့ အရှေ့အနောက်ထိန်းတဲ့ Bands တွေမှာ ခပ်သေးသေးပဲ ထည့်ထားတာပါ။

Photo: mortgagepic
"ပထမဆုံး ကျွန်တော် ဦးစားပေးဖော်ပြချင်တဲ့အပိုင်းက Headset ထဲကနေ လေထုတ်တဲ့ Vent ဖန်တီးခဲ့တဲ့ အိုင်ဒီယာပဲ ဖြစ်ပါတယ်။ ဒါက PS5 Console တွေရဲ့ လေဝင်ပေါက် Vents တွေနဲ့ ဆင်ပါတယ်။ " လို့ အကြီးတန်း Art Director ယူဂျင်း မော်ရီဆာဝါက ဆိုပါတယ်။ "ကျွန်တော်တို့ အင်ဂျင်နီယာတွေက လေဝင်လေထွက်ပေါက်ဖန်တီးဖို့ နည်းလမ်းကောင်းတစ်ခုအဖြစ် အိုင်ဒီယာရခဲ့ပါတယ်။ ဒါက ကစားသူတွေအနေနဲ့ VR Games တွေမှာ စီးဝင်နစ်မြောနေတုန်း မှန်ဘီလူးတွေ ဝေဝါးခြင်းကနေ ရှောင်ရှားပေးနိုင်မှာပါ။"
ဂိမ်းကစားရင်း မှန်ဘီလူးတွေ အပူငွေ့ရိုက်ပြီး မဝါးသွားဖို့ မော်ရီဆာဝါနဲ့ အင်ဂျင်နီယာတစ်စုဟာ ဒီဇိုင်းနမူနာပုံစံအများအပြား ဖန်တီးခဲ့ပြီးနောက် မှန်ဘီလူးအရှေ့နဲ့ အပေါ်ဘက်အကြား နေရာမှာ လေထွက်ပေါက်တပ်ဆင်ဖို့ ဖြစ်လာခဲ့တာပါ။
PlayStation VR 2 သစ်ဟာ Original PlayStation VR ထွက်ပြီး ၅ နှစ်ကျော်အကြာမှာ ထွက်လာတာ ဖြစ်ပါတယ်။ PS5 နဲ့ တွဲသုံးနိုင်ပြီး အဲ့ဒီအတွက် Special Adapter တစ်ခု လိုမှာ ဖြစ်ပါတယ်။ Headset သစ်မှာ တုန်ခါထိတွေ့တုံ့ပြန်မှု ၊ မျက်စိအကြည့်အတိုင်း Lens ကို ခြေရာခံထောက်လှမ်းနိုင်မှု ၊ 4K HDR OLED Display ၊ 90/120Hz Frame Rates ၊ VR Headset တစ်ခုနဲ့ မျက်စိအကြည့်ခြေရာခံစနစ် ပေါင်းပြီး Render ပုံဖော်မှု နဲ့ ၁၁၀ ဒီဂရီ မြင်ကွင်းကျယ်စနစ်အပြင် PlayStation 5 နဲ့လည်း USB-C Cable တစ်ချောင်းတည်းနဲ့ ချိတ်ဆက်နိုင်အောင် ထုတ်ထားတာပါ။
Sony VR Headset သစ်ရဲ့ ဈေးနှုန်းနဲ့ ထွက်မယ့်ရက် မသိရသေးပါဘူး။ ၂၀၁၆ မှာ ထွက်ခဲ့တဲ့ Original ဗားရှင်းကတော့ ၃၉၉ ဒေါ်လာဈေးနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Sony ရဲ့ ထုတ်ကုန်သစ်ဟာ Facebook ရဲ့ Meta Quest Headset ထုတ်ကုန်ကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့် PlayStation Console စက် ရှိပြီးသား Users တွေကိုပဲ ပိုဆွဲဆောင်နိုင်ဖို့ ရှိပါတယ်။
Photo: redmondpie
Sony VR Headset သုံးဖို့အတွက် PlayStation တစ်ခု လိုအပ်ပြီး ၂၉၉ ဒေါ်လာတန် Meta Quest 2 ကတော့ ပုံမှန်လုပ်ဆောင်ချက်တွေအတွက် Wire-Free သုံးနိုင်သလို ပါဝါသုံးစွဲမှုမြင့်တဲ့ ဂိမ်း Apps အကြီးစားတွေအတွက်လည်း ကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ Sony Headset လိုပဲ Meta Quest 2 မှာလည်း VR ထဲမှာ ထိန်းချုပ်သွားလာမှုလုပ်ဖို့အတွက် Controller နှစ်ခုနဲ့ လာတာပါ။
Facebook မိခင်ကုမ္ပဏီ Meta ဟာ VR Headset အကူအညီနဲ့ ဆက်သွယ်လုပ်ကိုင်နိုင်မယ့် Metaverse ဒီဂျစ်တယ်ကမ္ဘာကြီးထဲ ကူးပြောင်းဖို့ ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှပ်နှံသွားမယ့်အကြောင်း ကြေညာထားပါတယ်။