အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့မှာ ပလတ်စတစ် ဘူးခွံတွေနဲ့ တစ်ခါသုံးခွက်တွေအပြည့်ပါတဲ့ အိတ်တွေကိုင်ဆောင်ထားကြသူတွေ ဘတ်စ်ကားမှတ်တိုင်မှာ တန်းစီးစောင့်ဆိုင်းနေကြတာ တွေ့ရမှာပါ။

(Photo: AFP)
ထိုမြို့မှာ ခရီးသည်တွေက ဘတ်စ်ကားလက်မှတ်အစား ရေသန့်ဘူးခွံလို ပလတ်စတစ်အမှိုက်တွေပေးပြီး ဘတ်စ်ကားစီးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်ပြီးလျှင် ပင်လယ်ပြင်ထဲကို အမှိုက်စွန့်ပစ်ကာ ညစ်ညမ်းမှုအဖြစ်စေဆုံး နိုင်ငံအဖြစ် ရပ်တည်နေတဲ့ အင်ဒိုနီးရှားက လာမယ့် ၂၀၂၅ ခုနှစ်မှာ ပင်လယ်ပြင်ထဲကို ပလတ်စတစ်အမှိုက် စွန့်ပစ်နေမှု ၇၀ ရာခိုင်နှုန်း လျှော့ချသွားမယ်လို့ ကတိပြုထားပါတယ်။ ထိုကတိကဝတ်အတိုင်း အကောင်အထည်ပေါ်ရန်အတွက် အင်ဒိုအာဏာပိုင်တွေက တစ်ဖန်ပြန်လည်သုံးစွဲမှု၊ အများပြည်သူ သိရှိနားလည်မှုနဲ့ ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးတို့ကို လုပ်ဆောင်နေပါတယ်။
(Photo: AFP)
ယခုလက်ရှိမှာ လူဦးရေ ၂.၉ သန်းရှိတဲ့ ဆူရာဘာယာမြို့မှာ ပလတ်စတစ်အမှိုက်ပေးပြီး ဘတ်စ်ကားစီးနိုင်တဲ့ အစီအစဉ်ကို စတင်ထားခဲ့ရာ အပတ်စဉ် ဘတ်စ်ကားစီးသူ ၁၆,၀၀၀ နီးပါး အမှိုက်ပေးပြီး ကားစီးနေကြပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။
"ဒါက အရမ်းမိုက်တဲ့ ဖြေရှင်းနည်းပါပဲ၊ ပလတ်စတစ်ဘူးခွံတွေကို လွှင့်ပစ်မယ့်အစား ဒါတွေပေးပြီး ဘတ်စ်ကားအခမဲ့စီးနိုင်တယ်လေ၊ အခုဆို လူတွေက ပလတ်စတစ်ဘူးခွံတွေစုပြီး ဘတ်စ်ကားစီးဖို့ ယူလာကြတယ်" လို့ အသက် ၄၈ နှစ်အရွယ် ဆူရာဘာယာမြို့ခံ Fransiska Nugrahepi က ဆိုပါတယ်။
(Photo: AFP)
တစ်နာရီကြာမြင့်ပြီး မှတ်တိုင်အရေအတွက် ကန့်သတ်မထားတဲ့ ဘတ်စ်ကားခရီးစဉ်အတွက် ပလတ်စတစ်ရေသန့်ဘူးခွံအကြီး သုံးခု၊ အလယ်အလတ်အရွယ် ပလတ်စတစ်ရေသန့်ဘူးခွံ ငါးခု သို့မဟုတ် ပလတ်စတစ်ခွက် ၁၀ ခွက် ပေးရပါတယ်။ အဆိုပါ ပလတ်စတစ်ပစ္စည်းတွေဟာ သန့်ရှင်းနေရမှာဖြစ်ပြီး ဖိခြေထားခြင်း မရှိရဘူးလို့လည်း ဆိုပါတယ်။ ဘတ်စ်ကားလက်မှတ်ရောင်းတဲ့ ရုံးခန်းငယ်လေးအနောက်ဘက်ရှိ ပုံးလေးပုံးထဲမှာ ခရီးသည်တွေ ပေးထားကြတဲ့ ပလတ်စတစ်ဘူးခွံတွေနဲ့ ခွက်တွေပြည့်နှက်နေလေ့ရှိတယ်လို့ သိရပါတယ်။
(Photo: DunyaNews)
ယခု အစီအစဉ်ဟာ ပလတ်စတစ်အမှိုက် လျှော့ချရေးအတွက်တင် ရည်ရွယ်တာမဟုတ်ဘဲ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် အများပြည်သူတွေ ဘတ်စ်ကားလိုင်း အသုံးပြုလာကြရန်လည်း ရည်ရွယ်တယ်လို့ ဆူရာဘာယာမြို့ သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Franki Yuanus က ပြောပါတယ်။
"ပြည်သူလူထုဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှု ရရှိပါတယ်၊ ပလတ်စတစ်အမှိုက်ကို သုံးမရဘူးလို့ ထင်မြင်နေကြတာဆိုတော့ ဘတ်စ်ကားလက်မှတ်ကို ပလတ်စတစ်အမှိုက်နဲ့ ပေးချေနိုင်တာက လူတွေကို စိတ်ဝင်စားစရာ ဖြစ်စေပါတယ်" လို့ Franki Yuanus က ဆိုပါတယ်။ လက်ရှိ ဆူရာဘာယာမြို့မှာ ပလတ်စတစ်အမှိုက်ပေးပြီး စီးနိုင်တဲ့ ဘတ်စ်ကားအစီးးရေ ၂၀ ဖြင့် ပြေးဆွဲနေပါတယ်။
(Photo: AFP)
အဆိုပါ ဘတ်စ်ကားတွေမှာ ပလတ်စတစ်အမှိုက်ထည့်စရာ ပုံးတွေနဲ့ ခရီးသည်တွေ ပေးထားခဲ့တဲ့ ပလတ်စတစ်ဘူးခွံတွေ၊ ခွက်တွေကို စုဆောင်းရယူတဲ့ လက်မှတ်ရောင်းသူတို့ ပါရှိကြပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေရဲ့ အဆိုအရ ဘတ်စ်ကားစီး ခရီးသည်တွေထံမှ လစဉ် ပလတ်စတစ်အမှိုက်ပမာဏ ခြောက်တန်ခန့် စုဆောင်းရရှိကြောင်းနဲ့ ထိုပလတ်စတစ်အမှိုက်တွေကို အသစ်တစ်ဖန်ပြန်လည်သုံးစွဲရေး စီမံလုပ်ကိုင်တဲ့ ကုမ္ပဏီတွေထံ လေလံစနစ်ဖြင့် ပြန်ရောင်းချသွားမယ်လို့ သိရပါတယ်။
(Photo: Straits Times)
"အခုဆို လူတွေက ရုံးမှာ ဒါမှမဟုတ် အိမ်မှာ အမှိုက်ကို လွှင့်ပစ်မယ့်အစား စုဆောင်းဖို့ ကြိုးစားလာကြပြီ၊ ပလတ်စတစ်က သဘာဝပတ်ဝန်းကျင်အတွက် မကောင်းဘူးဆိုတာလည်း အခု သိလာကြပြီ၊ ဆူရာဘာယာမှာ နေထိုင်ကြသူတွေ ဒါကို စပြီး သဘောပေါက်လာကြပါပြီ" လို့ ရေသန့်ဘူးခွံအချို့ပေးပြီး အခမဲ့ ဘတ်စ်ကားစီးခဲ့ဖူးသူ အသက် ၄၄ နှစ်အရွယ် စာရင်းကိုင်တစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ကျွန်းပေါင်း ၁၇,၀၀၀ ခန့်ရှိတဲ့ အင်ဒိုနီးရှားရဲ့ အခြားနေရာတွေမှာလည်း ပလတ်စတစ်အမှိုက်ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေကြကြောင်း သိရပါတယ်။