ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ Magee အလယ်တန်းကျောင်းမှာကတည်းက ကျောင်းအတူတူတက်ခဲ့ကြပြီးနောက် တက္ကသိုလ်အသီးသီးကို ရောက်ခဲ့ကြတဲ့ ကျောင်းသူနှစ်ဦးက ပလတ်စတစ်အမှိုက်တွေကြောင့် ပင်လယ်သမုဒ္ဒရာတွေ ညစ်ညမ်းပြီး ရေနေသတ္တဝါအပြင် အခြား တိရိစ္ဆာန်တွေကိုပါ အသက်အန္တရာယ်ဖြစ်စေတဲ့ ပြဿနာအတွက် ဖြေရှင်းနိုင်မယ့် တီထွင်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

(Photo: FastCompany)
ယခုအခါ တက္ကသိုလ်ကျောင်းသူတွေ ဖြစ်နေကြတဲ့ ဂျင်းနီယိုနဲ့ မီရန်ဒါဝမ်တို့က သူတို့ရဲ့ တီထွင်မှုကို အထက်တန်းကျောင်းတက်နေစဉ် စတင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ပလတ်စတစ်မှာ အဓိက ပါဝင်နေတဲ့ phthalate ဓာတုပစ္စည်းကို စားပစ်နိုင်တဲ့ ဘက်တီးရီးယားကို ဖန်တီးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျောင်းသူ သူငယ်ချင်းနှစ်ဦးက ၎င်းတို့နေအိမ်များအနီးရှိ မြစ်တစ်ခုထဲမှာတွေ့ရတဲ့ ဘက်တီးရီးယားကို လေ့လာခဲ့ကြပြီး ထိုသို့ ဖန်တီးခဲ့ကြပါတယ်။ "ဒီဘက်တီးရီးယားက phthalate ကို စားပစ်နိုင်တယ်ဆိုတာ ကျွန်မတို့ ပထမဆုံး တွေ့ရှိခဲ့တာ မဟုတ်ပါဘူး၊ ကျွန်မတို့ ဒေသမှာရှိတဲ့ မြစ်ထဲမှာ လေ့လာစူးစမ်းပြီး ဒေသပြဿနာအတွက် ဖြစ်နိုင်တဲ့အဖြေတစ်ခု ရှာဖွေခဲ့တာတော့ ကျွန်မတို့ ပထမဆုံးပါပဲ" လို့ ဂျင်းနီယိုက TED Talk အစီအစဉ်မှာ ပြောခဲ့ပါတယ်။
(Photo: Intelligent Living)
တက္ကသိုလ်ကျောင်းသူနှစ်ဦး စိတ်ကူးတီထွင်ခဲ့တဲ့ လုပ်ငန်းစဉ်အရ ပလတ်စတစ်တွေကို အရည်ပျော်သွားစေပြီးနောက် အင်ဇိုင်းဓာတ်များ (enzymes) နဲ့ ထပ်မံ ထပ်ပြုစေကာ ဘက်တီးရီးယားက အလွယ်တကူ စားပစ်နိုင်တဲ့ အနေအထားအဖြစ် ဖန်တီးပေးခြင်းဖြစ်ကြောင်း Fast Company မဂ္ဂဇင်းမှာ သတင်းဆောင်းပါးရှင် Ben Schiller က ရေးသားထားပါတယ်။
၎င်းတို့နှစ်ဦး ဖန်တီးထားတဲ့ ဘက်တီးရီးယားက ပလတ်စတစ်မှာ အဓိကကျတဲ့ phthalate ကို သေချာစွာ စားပစ်တယ်လို့ သိရပါတယ်။ ထို့နောက် ဘက်တီးရီးယားက ပလတ်စတစ်ကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ရေအဖြစ်သို့ ပြောင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
(Photo: FastCompany)
လက်ရှိမှာ အသက် ၂၂ နှစ်နဲ့ ၂၁ နှစ်အရွယ်တွေသာ ရှိကြသေးတဲ့ သူမတို့နှစ်ဦးဟာ ပလတ်စတစ်အမှိုက်ပြဿနာ ဖြေရှင်းနိုင်မယ့် စိတ်ကူးနဲ့တီထွင်ဆန်းသစ်မှုအတွက် ဆုငါးဆုရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းတို့ဟာ Perlman သိပ္ပံဆုကို ရရှိခဲ့ကြတဲ့ အသက်အငယ်ဆုံးသူတွေအဖြစ်လည်း ထင်ပေါ်ကျော်ကြားခဲ့ကြပါတယ်။
"လက်တွေ့မှာ လူတွေ ပလတ်စတစ်သုံးတာကို ရပ်ဖို့အတွက်က မဖြစ်နိုင်ပါဘူး၊ ကျွန်မတို့က ဒီပစ္စည်းကို ဖျက်ဆီးပစ်ဖို့ လိုအပ်တာပါ၊ အရာအားလုံးက ဘက်တီးရီးယားကြောင့် ဆေးမြည့်ပျက်စီးလာပါတယ်" လို့ မီရန်ဒါဝမ်က ပြောပါတယ်။ ကျောင်းသူနှစ်ဦး တီထွင်ထားတဲ့ လုပ်ငန်းစဉ်အရ ပလတ်စတစ်ကို ရေအဖြစ်သို့ ပြောင်းလဲနိုင်ရန် အချိန် ၂၄ နာရီမျှသာ ကြာမြင့်နိုင်ကြောင်းလည်း သိရပါတယ်။
(Photo: Sofie Bates/Bay Area News Group)
ဂျင်းနီယိုနဲ့ မီရန်ဒါဝမ်တို့က သူတို့နှစ်ဦးရဲ့ တီထွင်မှုအတွက် မူပိုင်ခွင့်လည်း ရယူထားပြီဖြစ်ကာ လုပ်ငန်းလုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ခန့် ငွေကြေးအထောက်အပံ့ ရရှိထားတယ်လို့ သိရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေ အလွန်အကျွံ ညစ်ညမ်းလာမှုဟာ ကမ္ဘာမှာ ပြဿနာကြီးတစ်ရပ် ဖြစ်လာနေပါတယ်။ လတ်တလော သုတေသနအရ ၂၀၅၀ ပြည့်နှစ်ရောက်ပါက ပင်လယ်သမုဒ္ဒရာ ရေတွေထဲမှာ ငါးထက် ပလတ်စတစ်ကို ပိုတွေ့လာရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
Source: FastCompany, Intelligent Living