နယူးဇီလန်နိုင်ငံမှ အမျိုးသမီးရေးရာဝန်ကြီးက သူမရဲ့ ပထမဆုံးကလေးကို မွေးဖွားရန်အတွက် ကိုယ်ဝန် ၄၂ ပတ်ဖြင့် စက်ဘီးစီးကာ ဆေးရုံကိုသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Green ပါတီမှ ဝန်ကြီးဖြစ်သူ ဂျူလီဂျန်တာက ကားထဲမှာ နေရာမဆန့်တာကြောင့် ကလေးမွေးဖွားရန် ဆေးရုံကို စက်ဘီးစီးသွားခဲ့တယ်လို့ ပြောပါတယ်။
ဝန်ကြီးဂျူလီနှင့် သူမရဲ့ လက်တွဲဖော်အမျိုးသား (Photo: Julie Genter)
သူမက ကလေးမွေးဖွားရန် ဆေးရုံကို စက်ဘီးစီးသွားခဲ့ပုံကိုလည်း Instagram မှာ ဓာတ်ပုံတင်ခဲ့ပြီး ပြောထားပါသေးတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်ကလည်း သူမရဲ့ ပထမဆုံးကလေးကို မွေးဖွားခဲ့ပြီး ဝန်ကြီးချုပ်တာဝန်ယူထားစဉ် ကလေးမွေးဖွားခဲ့တဲ့ ဒုတိယမြောက် ကမ္ဘာ့ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကလေးမွေးဖွားရန် ဆေးရုံကို စက်ဘီးစီးသွားခဲ့စဉ် (Photo: Julie Genter)
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါနဲ့ အမျိုးသမီးရေးရာဝန်ကြီး ဂျူလီတို့ နှစ်ဦးလုံးက ကလေးမွေးဖွားရန် အုတ်ကလန်မြို့ အစိုးရဆေးရုံကို တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဝန်ကြီးဂျူလီက ကလေးမွေးဖွားမယ့် သတ်မှတ်ရက်ထက် အနည်းငယ် နောက်ကျနေပြီး ယခုအခါမှာတော့ မွေးဖွားရန်အသင့်ဖြစ်နေပြီးလို့ ဆိုပါတယ်။
အသက် ၃၈ နှစ်အရွယ် အမျိုးသမီးရေးရာဝန်ကြီး ဂျူလီဟာ နယူးဇီလန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန တွဲဖက်ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူဖြစ်ပြီး ပွင့်လင်းစွာ ပြောဆိုတတ်ကာ စက်ဘီးစီးခြင်းကို အားပေးထောက်ခံသူ ဖြစ်ပါတယ်။
ဝန်ကြီးဂျူလီရဲ့ Instagram ပို့စ် (Photo: Julie Genter)
ကလေးမွေးဖွားရန် သူမရဲ့ လက်တွဲဖော်အပါအဝင် ကူညီသူတွေနဲ့အတူ ဆေးရုံကိုသွားရောက်ရာမှာ လူများနေပြီး ကားထဲမှာ နေရာမဆန့်ခဲ့တာကြောင့် စက်ဘီးစီးသွားခဲ့တယ်လို့ ဝန်ကြီးဂျူလီက Instagram မှာ ရေးထားပါတယ်။ ဂျူလီက လျှပ်စစ်စက်ဘီးစီးပြီး ဆေးရုံကိုသွားရောက်ခဲ့တာ ဖြစ်ပါတယ်။
နယူးဇီလန်မှာ အမျိုးသမီးတစ်ဦးက လွှတ်တော်အမတ်ဖြစ်နေစဉ်အတွင်း ကလေးမွေးဖွားမှု ပထမဆုံးအကြိမ်အဖြစ် ၁၉၇၀ ပြည့်နှစ်မှာ ရှိခဲ့ဖူးပြီး နောက်ထပ် အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးက လွှတ်တော်ထဲမှာ ကလေးနို့တိုက်မှု ၁၉၈၃ ခုနှစ်မှာ ရှိခဲ့ပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ်ကို သူမ၏ကလေး၊ လက်တွဲဖော်အမျိုးသားတို့နှင့်အတူ တွေ့ရစဉ် (Photo: Jacinda Ardern)
နိုင်ငံရေးနယ်ပယ်မှ အမျိုးသမီးတွေကို ၎င်းတို့ရဲ့ ကလေးတွေနဲ့ပတ်သက်ပြီး စည်းမျဉ်းသတ်မှတ်ချက်တွေကို နိုင်ငံအချို့မှာ ပြင်ဆင်လာခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံက လွှတ်တော်အမတ်တွေကို လွှတ်တော်ထဲမှာ ကလေးနို့တိုက်မှုနဲ့ နို့ဘူးတိုက်မှုကို ခွင့်ပြုပေးတဲ့ စည်းမျဉ်းစည်းကမ်းပြင်ဆင်မှုကို ၂၀၁၆ ခုနှစ်မှာ လုပ်ဆောင်ခဲ့ပါတယ်။
လတ်တလော နှစ်များအတွင်း ဥရောပသမဂ္ဂလွှတ်တော်ရဲ့ ဆွီဒင်နဲ့ အီတလီမှ လွှတ်တော်အမတ် အမျိုးသမီးတွေက ၎င်းတို့ရဲ့ ရင်ခွင်ပိုက်အရွယ် ကလေးငယ်များနဲ့အတူ လွှတ်တော်မဲခွဲဆုံးဖြတ်မှုမှာ မဲပေးခဲ့ကြမှုကိုလည်း ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား ဖြစ်ခဲ့ကြပါတယ်။