• Featured

    ၂၀၂၀ ပထမသုံးလပတ်အတွင်း Zoom ဝန်ဆောင်မှု ဝင်ငွေစံချိန်တင် မြင့်တက်

အစည်းအဝေး မိနစ်ကြာချိန်ပေါင်း ၂ ထရီလီယံအထိ ရှိခဲ့ပါတယ်

COVID-19 ကာလအတွင်း Zoom ရုပ်သံဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲသူနဲ့ ဝင်ငွေပမာဏဟာ တဟုန်းထိုး မြင့်တက်လာခဲ့ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုံးအလုပ်တွေကို အိမ်ကနေ လုပ်လာသူတွေ များလာတာကြောင့် Zoom ဟာ ကမ္ဘာ့လူသုံးအများဆုံး ရုပ်သံအစည်းအဝေးပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ ပထမသုံးလပတ် Zoom ရဲ့ ဝင်ငွေရလဒ်စစ်တမ်းမှာ Zoom ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၆၉% ဝင်ငွေမြင့်တက်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၃၂၈.၂ သန်းအထိ ဝင်ခဲ့တယ်လို့ ZDNet သတင်းက ဖော်ပြထားပါတယ်။

image

Photo: Engadget



ပထမသုံးလပတ်အကုန်မှာ Zoom ဟာ ဝန်ထမ်း ၁၀ ဦးနဲ့ အထက် ရှိတဲ့ ဖောက်သည်ပေါင်း ၂၆၅၄၀၀ ကိုလည်း ရရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ပြီးခဲ့တဲ့နှစ်ကထက် ၃၅၄% ပိုမြင့်ခဲ့တာ ဖြစ်ပါတယ်။ ပထမသုံးလပတ်အသားတင် အမြတ်ငွေအနေနဲ့ Zoom ဟာ ဒေါ်လာ ၂၇ သန်း ဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ် ကာလတူ အမြတ်ငွေဟာ ဒေါ်လာ ၁၉၈၀၀၀ ပဲ ရှိခဲ့တာပါ။

"၂၀၂၀ ဧပြီလထဲမှာ Zoom Meetings တွေနဲ့ ချိတ်ဆက်ပြီး အခမဲ့နဲ့ အခပေး နေ့စဉ်သုံးသူဦးရေဟာ သန်း ၃၀၀ ကျော်အထိ ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာထဲမှာ ၁၀ သန်းရှိရာကနေ မြင့်တက်လာတာပါ။" လို့ Zoom ရဲ့ ဝင်ငွေရလဒ်ရှင်းတမ်းမှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီ လကုန်အထိ Zoom အစည်းအဝေး သုံးစွဲမှု ကြာချိန်ဟာ မိနစ်ပေါင်း ဘီလျံ ၁၀၀ အထိ ရှိခဲ့ရာကနေ ဧပြီလကုန်မှာ မိနစ်ပေါင်း ၂ ထရီလီယံ (ဘီလျံ ၂၀၀၀) အထိ တက်ခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 ကာလ ရုပ်သံကွန်ဖရင့်ပလက်ဖောင်းများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် Zoom ရဲ့ ဈေးကွက်တန်ဖိုးလည်း ထိုးတက်လာခဲ့ပါတယ်။ လက်ရှိမှာ Zoom ဟာ ဒေါ်လာ ၅၉ ဘီလျံခန့် တန်ကြေးရှိပြီး အမေရိကန်ရဲ့ အကြီးဆုံး လေကြောင်းလိုင်း လေးခုစာရဲ့ ဈေးကွက်တန်ဖိုးနဲ့ ညီမျှနေတယ်လို့ The Guardian သတင်းက ဖော်ပြထားပါတယ်။



Photo: ZDNet

၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံဖွား ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ အဲရစ်ယွမ် စတင် တည်ထောင်ခဲ့တဲ့ Zoom ဟာ ဇူလိုင်လအထိ အကြမ်းအားဖြင့် ဒေါ်လာသန်း ၅၀၀ ခန့် ဝင်ဖို့ မျှော်လင့်ထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် လေးဆကျော် ပိုပြီး ဝင်ငွေရဖို့ ခန့်မှန်းထားတာပါ။ ၂၀၂၀ တစ်နှစ်လုံးအတွက် Zoom ဟာ ပြီးခဲ့တဲ့ တစ်နှစ်စာထက် သုံးဆနီးပါး (ဒေါ်လာ ၁.၈ ဘီလျံ) ဝင်ဖို့လည်း မျှော်လင့်ထားပါတယ်။

လုံခြုံရေးနဲ့ Privacy ပြဿနာတွေ ရှိထားခဲ့တဲ့ Zoom ဟာ နောက်ပိုင်းမှာ လုံခြုံရေးစနစ်အားကောင်းအောင် ပြုပြင်မှုတွေ လုပ်ခဲ့ပါတယ်။ ဧပြီလကုန်ပိုင်းမှာ Privacy ပြဿနာအတွက် Zoom 5.0 ဗားရှင်းသစ် ဖြန့်ချိခဲ့ပြီး လုံခြုံ‌‌‌ရေး features သစ်တွေထည့်သွင်းပြီး အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က