ပန်းချီပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် စိတ်ကြိုက်ဖန်တီးလို့ရမယ့် “လူငယ်အနုပညာ ဆုံမှတ်လမ်းကြား” လို့ အမည်ပေးထားတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်ကို မေလ ၂၅ ရက်နေ့က လမ်း ၃၀ ဗိုလ်ဆွန်ပတ်လမ်း (အထက်ဘလောက်) မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဒို့အိမ်အဖွဲ့က ဦးစီးပြီး ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဒီနောက်ဖေးလမ်းကြားဥယျာဉ်မှာ ကလေးတွေကစားဖို့ နေရာတွေ၊ လူကြီးတွေ အားကစားလုပ်လို့ရမယ့်နေရာတွေအပြင် ပန်းချီကို စိတ်ဝင်စားတဲ့လူငယ်တွေ စိတ်ကြိုက်ဆွဲလို့ရအောင် စားပွဲ၊ ထိုင်ခုံတွေ ပြင်ဆင်ထားပေးထားတယ်လို့ သိရပါတယ်။
“ဒို့အိမ်ရဲ့ ၈ ခုမြောက်နောက်ဖေးလမ်းကြား ဖြစ်ပါတယ်။ ဒီနေရာကတော့ လူငယ်တွေအတွက် အဓိက ရည်ရွယ်တာပါ။ ဒီမှာရှိတဲ့ ပန်းချီက ကျွန်မတို့ အွန်လိုင်းကနေတစ်ဆင့် လူငယ်တွေကို ဖိတ်ခေါ်ရွေးချယ်ခဲ့ပြီး ပန်းချီပညာရှင် လူငယ် ၉ ဦးက ဆွဲထားပါတယ်။ ဒီမှာဆိုရင် လူငယ်ပုံရိပ်၊ အငွေ့အသက်တွေကို ခံစားနိုင်မှာပါ”လို့ ဒို့အိမ်အဖွဲ့အစည်းမှ Landscape Designer မှ မစွမ်းရည်ထွန်းလွင်က ပြောပါတယ်။
“ ဒီနေရာက ကျွန်မတို့လို့ ပန်းချီကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို ချပြခွင့်ရတဲ့နေရာတစ်ခုဖြစ်လာပါတယ်” လို့ ပန်းချီဝါသနာရှင် နဒီမင်းက ဆိုပါတယ်။ ရန်ကုန်မြို့က နောက်ဖေးလမ်းကြားဥယျာဉ်တွေကို ဒို့အိမ်အဖွဲ့အစည်းကနေ ဦးဆောင်ပြီး သက်ဆိုင်ရာ ရပ်ကွက်ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေရာ ပန်းဘဲတန်း၊ လမ်းမတော်နဲ့ ဗိုလ်တထောင်မြို့နယ်တို့မှာ နောက်ဖေးလမ်းကြား (၈) ခု တည်ဆောက်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။