ပိန်လို့၊ ဝလို့၊ အရပ်ရှည်လို့၊ ပုလို့ဆိုပြီး စိတ်ညစ်စရာမလိုပါဘူး။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကို ဆင်မြန်းတတ်ဖို့ပဲ လိုပါတယ်။
အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ဆိုတာ အတိုင်းအတာတစ်ခုထိ အရေးပါတဲ့အရာဖြစ်သလို ဖက်ရှင်ကျဖို့အတွက် နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ အဝတ်အစားကို ကောင်းမွန်စွာ တွဲစပ်ဆင်မြန်းနိုင်ဖို့ ကိုယ်ကဘယ်လိုဘော်ဒီအချိုးအစားမျိုးလဲဆိုတာ ကောင်းစွာသိဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘော်ဒီအချိုးအစားကို သေချာသိမှ၊ အချိုးအစားနဲ့လိုက်ဖက်တာ၊ မလိုက်ဖက်တာတွေကို သေချာရွေးချယ်ဆင်မြန်းနိုင်မှသာ ဖက်ရှင်ကျတဲ့သူ ဖြစ်ပါလိမ့်မယ်။ ကိုယ်က အကိတ်လေးမို့၊ ပိန်နေလို့၊ အရပ်ပုနေလို့၊ အရပ်ရှည်လွန်းနေလို့ဆိုပြီး ကိုယ့်ဘော်ဒီနဲ့ပတ်သက်လို့ စိတ်ပျက်အားငယ်စရာတော့ မလိုပါဘူး။ လူတိုင်းမှာပြီးပြည့်စုံတဲ့အလှတရားဆိုတာ မရှိဘူးဆိုတာ သိထားပြီး ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တာကို အကောင်းဆုံးရွေးချယ်ဆင်မြန်းလိုက်ပါ။
ဒါ့ကြောင့် မဒီတွေထဲမှာ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ အကိတ်လေးတွေရှိတယ်ဆိုရင် ဘယ်လိုအဝတ်အစား တွေ ရွေးချယ်ပြီး တွဲစပ်သင့်တယ်၊ ဘယ်လိုအတွဲအစပ်တွေကို ရှောင်ရမယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်။
(၁) ဝတဲ့မဒီတွေအနေနဲ့ အနက်ရောင်ပဲ ရွေးချယ်သင့်တယ်ဆိုတဲ့ စည်းမျဉ်းဟာ မှားပါတယ်။
ပထမဆုံးအနေနဲ့ အရင်တုန်းက ချမှတ်ထားတဲ့ စည်းမျဉ်းတွေထဲက တော်တော်လေးပြည့်တဲ့သူတွေ၊ ဝတဲ့သူတွေဟာ အဖြူရောင်မဝတ်သင့်ဘူးဆိုတဲ့ အချက်ကို ချိုးဖောက်ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်တော့ Plus size မဒီတွေအတွက် အနက်ရောင်ဝတ်တိုင်းလည်း ပိန်သွယ်သယောင်ဖြစ်သွား တယ်ဆိုတာ မဟုတ်သလို အဖြူဝတ်တိုင်းလည်း ရှိရင်းစွဲထက် ပိုပြည့်သလိုဖြစ်သွားစေတယ်ဆိုတာ မမှန်ပြန်ပါဘူး။ ဒီတော့ ကာလာထက် မဒီတွေရွေးချယ်ရမှာက ကိုယ့်ဘော်ဒီနဲ့အရမ်းမပွ၊ အရမ်းမကျပ်တဲ့ အဝတ်အစားမျိုးကိုပါ။ ဒါပေမယ့် ကင်မရာရှေ့သွားရမယ့်သူအတွက်ကတော့ အဖြူရောင်ကို မဝတ်တာ ပိုကောင်းပါတယ်။ ကင်မရာထဲမှာဆိုရင်တော့ အဖြူဝတ်ထားရင် ပိုပြည့်သလိုဖြစ်စေတာ အမှန်ပါ။ နောက် အဆင်တန်ဆာတွေ အများကြီးဆင်မြန်းတာကလည်း ဝတဲ့သူတွေနဲ့ မလိုက်ဖက်ပါဘူး။ သူက လူကပိုဝသလို ဖြစ်သွားစေတာမို့ မဖြစ်မနေရှောင်ရမယ့်အချက်ပါပဲ။
(၂) ရှေ့ကြယ်သီးတပ် ရှပ်တွေ ရှောင်ပါ။
ဖြစ်နိုင်မယ်ဆိုရင် ရှေ့ကြယ်သီးတပ်ရှပ်ပွတာမျိုးကို ရှောင်ဝတ်ပြီး ကိုယ့်ရဲ့ဘော်ဒီကောက်ကြောင်းကို ပိုသိသာစေမယ့် ရှပ်မျိုးဆိုရင်တော့ အဆင်ပြေပါတယ်။ ဥပမာ အတွန့်အဖတ် တအားမကြီးပဲ ဒီဇိုင်းတစ်ခုခုပါတဲ့ ရှပ်မျိုးဆိုရင် ကြည့်ရတာလည်း ဆန်းသလို ကိုယ်ဝတာလည်း သိပ်မသိသာတော့ဘူးပေါ့။
(၃)ကာလာလေးတွေလည်း အဆင်ပြေသလို တွဲစပ်ဝတ်ဆင်ကြည့်ပါ။
အရင်ကဆို ကာလာတောက်တောက်တွေနဲ့ အပွင့်အခက်ဒီဇိုင်းတွေဆို လူတွေ ကိုယ့်ကို ပိုအာရုံရောက်စေတတ်တာမို့ ရှောင်ဖို့စည်းမျဉ်းတွေ ရှိခဲ့ပေမယ့် ခုတော့ အနီရောင်တောက်တောက်တွေ၊ ကာလာအဆန်းလေးတွေလည်း ဝတ်လာကြပြီလေ။ တစ်ခုပါပဲ၊ အပေါ်မှာပြောထားသလို ကိုယ့်ဘော်ဒီနဲ့ ပွလွန်း ကျပ်လွန်းတာမျိုး မရွေးပဲ၊ ခါးနေရာမှာခါးအလှပေါ်ဖို့ ရွေးပါ။ လည်ပင်းဆိုလည်း လည်ပင်းအလှလေးပေါ်တဲ့ အကျီ၊ dress စတာတွေရွေးနိုင်တယ်လေ။
(၄) ခေါင်းအစ၊ ခြေအဆုံး အရောင်တစ်ရောင်တည်းကိုသာ ဆင်မြန်းပါ။
အကျီရော၊ ဘောင်းဘီရော၊ ဒါမှမဟုတ် အောက်ကစကတ် ၊ တစ်ဆက်တည်း dress စသဖြင့် ခေါင်းအစ၊ ခြေအဆုံး ကာလာတွေအများကြီး ရောဝတ်တာမျိုးထက် အရောင်တစ်ရောင်တည်း ဝတ်တာကတော့ ဝတဲ့မဒီတွေအတွက် ပိုအဆင်ပြေစေပါတယ်။ ကိုယ်က နှစ်မျိုး၊ သုံးမျိုးလောက် စပ်ဝတ်မယ်ဆိုလည်း အဆင်ပြေပါသေးတယ်။ ဒီ့ထက်တော့ မများပါစေနဲ့။ ကာလာတွေထဲမှာ ကိုယ်သဘောအကျဆုံး ကာလာတစ်မျိုးထဲ အပေါ်၊ အောက်ဝတ်တာ ပိုဖြစ်သင့်ပါတယ်။ အသားရောင်ကတော့ အကောင်းဆုံးပါပဲ။
(၅) အစင်းနဲ့ လိုင်းတွေကို သတိထားရွေးပါ။
ဟိုးအရင်ကတော့ ဝတဲ့သူအတွက် အစင်းကြောင်းတွေ၊ လိုင်းတွေဟာ ရန်သူလို့ ဆိုထားပါတယ်။ ခုခေတ်မှာတော့ ဒီအချက်ကို လက်မခံတော့ဘဲ ကိုယ်ဝတ်ချင်တယ်ဆို ဝတ်သာဝတ်ပစ်လို့ တိုက်တွန်းကြပြန်ပါတယ်။ လိုင်းတွေဝတ်မယ်ဆိုရင်တော့ တစ်ခုနဲ့တစ်ခု တအားခြားထားတဲ့ ဒီဇိုင်းမျိုး မဟုတ်ဘဲ လိုင်းကျဉ်းကျဉ်းလေးတွေကို ပိုရွေးချယ်စေချင်ပါတယ်။
(၆)အကျီ၊ အဝတ်အစားဒီဇိုင်းတွေ ရွေးချယ်တဲ့အခါ အခြေခံအချက်တွေ သိအောင်လုပ်ထားပါ။
ဝတဲ့သူတွေဟာ နောက်ဆုံးပေါ်အဝတ်အစား ဒီဇိုင်းတွေထက် အခြေခံကျတဲ့ဒီဇိုင်းမျိုးကိုသာ ဦးစားပေးရွေးသင့်တယ်ဆိုတဲ့ အချက်ကိုတော့ လျစ်လျူရှုပစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မှုအရှိဆုံး ဒီဇိုင်းမျိုးကိုတော့ သိအောင်လုပ်ထားရမှာပါ။ ဥပမာ Crop Top လေးတွေ ဝတ်ချင်တယ်ဆိုရင် အရမ်းတိုတဲ့ Crop Top မျိုးထက် မတိုမရှည်လေးတွေ ပိုရွေးသင့်သလို skinny ဘောင်းဘီလိုအကျပ်မှ ဝတ်ချင်တယ်ဆိုရင်လည်း ဆွဲသားပါတဲ့ ဘောင်းဘီမျိုး ရွေးချယ်လိုက်တာမျိုးပေါ့။
(၇) ဝလို့ ကိတ်လို့ အကျီအဝတ်အစား ပွတာတွေ ဝတ်တာမျိုး ရှောင်ပါ။
ကိုယ့်ဘော်ဒီက ကြီးနေလို့ ဒါကိုမသိသာအောင် အကျီ၊ dress စတာတွေကို ခပ်ကြီးကြီး ရွေးဝတ်ပစ်တာမျိုးက မှားယွင်းတဲ့ဆုံးဖြတ်ချက်ပါ။ လူကအစကတည်းက ပြည့်ပါတယ်ဆိုမှ ဒါကိုဖုံးဖိဖို့ ပွတာကြီးတာတွေ ထပ်ဝတ်ရင် လူတွေအမြင်မှာ ကိုယ်ကနှစ်ဆဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ဘော်ဒီအချိုးအစားကို ပေါ်လွင်စေမယ့် fit ဖြစ်တဲ့ အဝတ်အစားတွေကိုသာ ရွေးပြီး လူတွေရဲ့အာရုံကို ဖမ်စားပစ်လိုက်ပါ။ လည်ပင်းပုံစံ ရှင်းတာလေးတွေ ရွေးပါ။ ခါးနေရာသိမ်တဲ့အင်္ကျီမျိုးတွေ ရွေးပါ။ အတွန့်အဖတ်တွေ ကြိုက်ရင် သိပ်ကြီးတဲ့ အတွန့်ဘာညာတွေ မရွေးပါနဲ့၊ အထပ်အထပ်တွေ၊ အတွန့်အဖတ် ခပ်ကြီးကြီးပါတဲ့ အဝတ်အစားတွေကိုတော့ မဖြစ်မနေရှောင်ပါ။
ခန္ဓာကိုယ်ပြည့်တဲ့သူ၊ ဝတဲ့သူတွေအတွက် အဓိကအရေးအကြီးဆုံး လိုအပ်တဲ့အရာက ယုံကြည်မှုပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနေပါ။ သွားလာပါ။ ငါ့ဘော်ဒီကြီးက စိတ်ညစ်စရာလို့ မတွေးပါနဲ့။ အဝတ်အစားအရမ်းရွေးတယ်လို့ ခံစားရရင် အချိန်ပေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်နိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ်ဝတ်မယ့်အဝတ်အစားအတွက် အချိန်ပေးပြီး ကြိုတင်ပြင်ဆင်ပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ပိန်ပိန်၊ ၀၀ တခြားသူတွေကြားမှာ ထူးခြားတဲ့သွင်ပြင်နဲ့ကြည်လင်မှုမျိုး ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အားနည်းချက်လို့ ထင်နေတဲ့အရာတွေကို ကိုယ့်အားသာချက်ဖြစ်အောင် ကြိုးစားပြင်ဆင်ကြည့်လိုက်ပါလို့။
မေသော်
(I am Fashion)