FaceApp ကုမ္ပဏီကတော့ privacy မချိုးဖောက်ဘူးလို့ငြင်းဆန်ထားပါတယ်။

ဓါတ်ပုံတွေထဲက ပုံပိုင်ရှင်ကို ငယ်ရွယ်နုပျိုအောင် နဲ့အသက်ကြီးအောင် ပြုပြင်ဖန်တီးပေးနိုင်တဲ့ ရုရှားအခြေစိုက် FaceApp အက်ပလီကေးရှင်းအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမတ်တစ်ဦးမှ FBI နဲ့FTC တို့ကို တောင်းဆိုထားပါတယ်။

၂၀၁၇ ကစပြီး နာမည်ကြီးလာတဲ့ FaceApp အက်ပလီကေးရှင်းဟာ Neural Network နည်းပညာကို အသုံးပြုပြီး ဓါတ်ပုံကို တကယ့်အပြင် မျက်နှာတွေနဲ့တူအောင် အလိုအလျောက် ပြုုပြင်ပေးတဲ့ app တစ်ခု ဖြစ်ပါတယ်။ ဒီ app ကို ရုရှားအခြေစိုက် Wireless Lab ကနေ ရေးဆွဲထားတာ ဖြစ်ပြီး iOS နဲ့Android စနစ် နှစ်မျိုးစလုံးအတွက် ထုတ်ထားတာပါ။


Photo: Forbes

FaceApp ရဲ့ ထူးခြားချက်ကတော့ လူတစ်ယောက်ရဲ့ မျက်နှာကို ပြုံးအောင်လုပ်နိုင်သလို နုပျိုအောင် အိုစာအောင် လုပ်ပေးနိုင်ပြီး ယောင်္ကျားပုံကနေ မိန်းမပုံ ၊ မိန်းမပုံကနေ ယောင်္ကျားပုံ ဖြစ်အာင် ပြောင်းပေးနိုင်ပါတယ်။ အရွယ်အမျိုးမျိုး ဖြစ်အောင် ပြုပြင်ပေးနိုင်တဲ့ ဒီ app ဟာ AI နည်းပညာသုံးပြီး ဖုန်း Gallery ထဲက ပုံကို Edit ပြင်ပေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက ဝေဖန်မှုတွေ ရှိခဲ့တဲ့ FaceApp ဟာ အခုချိန်မှာ နာမည်ကျော် အနုပညာရှင်နဲ့လူပုဂ္ဂိုလ်များအပါအဝင် လူမှုကွန်ရက် သုံးစွဲသူများအကြား #FaceApp Challenge အဖြစ် နေ့ချင်းညချင်း နာမည်ပြန်ကြီးလာပြီး Android နဲ့iOS တို့မှာ ပုံမှန်သုံးစွဲသူ သန်း ၈၀ ကျော် ရှိလာခဲ့ပါတယ်။

FaceApp သတင်းကြီးလာချိန်မှာ အမေရိကန်လွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ချက်စကမ်းမားမှ အမေရိကန်နိုင်ငံသားတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ အန္တရာယ်ရှိတဲ့ ပြည်ပအာဏာတစ်ခုဆီ ရောက်သွားနိုင်တယ်လို့ဝေဖန်ခဲ့ပါတယ်။ BBC သတင်းမှာ ဖော်ပြချက်အရ ချက်စကမ်းမားဟာ FaceApp ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့FBI နဲ့ဖက်ထရယ်ကုန်သွယ်ရေး ကော်မရှင်ကို တောင်းဆိုထားတယ်လို့ဆိုပါတယ်။

Photo: TechCrunch

"FBI နဲ့FTC တို့ဟာ အခု အမေရိကန် သန်းပေါင်းများစွာ အသုံးပြုနေတဲ့ FaceApp ကို အမျိုးသားလုံခြုံရေးနဲ့ကိုယ်ရေးကိုယ်တာ အန္တရာယ်ရှိမရှိဆိုတာကို စစ်ဆေးရပါမယ်။ ဒါဟာ ရုရှားအခြေစိုက် ကုမ္ပဏီတစ်ခုက ပိုင်ထားတဲ့ app ပါ။ သုံးစွဲတဲ့သူတွေကိုလည်း သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံတွေနဲ့အချက်အလက်တွေကို အပြည့်အဝ ကိုင်တွယ်ခွင့် ပေးထားဖို့လိုပါတယ်" လို့ချက်စကမ်းမားက သူ့ရဲ့ Twitter မှာ ရေးထားပါတယ်။

FaceApp ကို ရေးဆွဲတဲ့ Wireless Lab ကတော့ သုံးစွဲသူရဲ့ ဓါတ်ပုံတွေ အမြဲတမ်း သိမ်းဆည်းထားတာမျိုး ၊ အချက်အလက်တွေ ရယူထားတာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ပြီး ပုံပြုပြင်ဖို့အတွက် သုံးစွဲသူ ရွေးချယ်တဲ့ ပုံတွေပဲ တင်ပေးထားတာ ဖြစ်တယ်လို့တုန့်ပြန်ပါတယ်။ စိန့်ပီတာစဘာ့ဂ် အခြေစိုက် Wireless Lab အနေနဲ့သူ့ရဲ့ R&D Team ဟာ ရုရှားမှာ ရှိတယ်ဆိုပေမယ့် သုံးစွဲသူ အချက်အလက်ကို ရုရှားဆီ ပြန်လွဲှမပေးဘူးလို့Tech Crush ကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်ကလည်း FaceApp ဟာ ဆယ်လ်ဖီပုံတွေမှာ လူမျိုးရေးခွဲခြားတဲ့ ပြုပြင်မှုတွေ လုပ်ခဲ့တဲ့ feature တစ်ခုကြောင့် ဝေဖန်မှုခံခဲ့ရပြီး တောင်းပန်ချက်နဲ့အတူ ဒီ feature ကို ဖြုတ်ချခဲ့ပါတယ်။

Share

Loading Next Article...
က္က