ယောက်ျားဖစ်သူက အမြဲ အရက်သောက်၊ KTV နဲ့ အနှိပ်ခန်း သွားတတ်သူဖြစ်ပြီး ယခုတစ်ကြိမ်မှာတော့ အိမ်ရှိပစ္စည်းကို ပေါင်နှံသွားတဲ့အတွက် ဇနီးဖြစ်သူက စိတ်မထိန်းနိုင်ဖြစ်သွားရတယ်လို့ သိရပါတယ်။
photo- BoBo Win
ပစ္စည်းပေါင်နှံပြီး KTV သွားတဲ့ယောက်ျားကို မိန်းမဖြစ်သူကဓားနဲ့ထိုးသတ်မှု ဖြစ်စဉ် တစ်ခု မွန်ပြည်နယ်မော်လမြိုင်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
မေလ (၃၀)ရက်နေ့ ည(၇)နာရီဝန်းကျင်လောက်ကဖြစ်ပွားခဲ့ပြီး ယောကျာ်းဖြစ်သူက ဓားဒဏ်ရာနဲ့ပဲ ဆေးရုံမှာ အသက်ကယ်ဆေးထိုးနေစဉ် သေဆုံးခဲ့တာပါ။ သေဆုံးသူ အသက်(၂၈)အရွယ် ကိုမောင်သီဟထွန်းဟာ စည်ပင်အမှိုက်ကားမောင်းတဲ့သူတစ်ဦးဖြစ်ပြီး အရင်ကတည်းက အရက်သေစာသောက်စားမူးယစ်တာတွေ၊ KTV နဲ့ အနှိပ်ခန်း သွားတာတွေအမြဲတမ်းလုပ်လို့ မိန်းမဖြစ်သူက သည်းခံခဲ့ပေမယ့် ဒီတစ်ခါက အိမ်ကပစ္စည်းပေါင်းနှံပြီးသွားလို့ ဒေါသဖြစ်ပြီး စိတ်မထိန်းနိုင်ပဲ ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
photo- BoBo Win
“ ကျွန်တော်တို့ရောက်သွားတော့ လူနာက ရင်ဘတ်ဓားဒဏ်ရာပေါ်မှာ အကျီ ၤဖြူ အုပ်ထားတယ်၊ သွေးတွေကလည်းအရမ်းထွက်နေတယ်။ လူကလည်းအရက်သောက်ထားတယ် မူးနေတာလည်းပါတာပေါ့။ လူနာကမျက်ဖြူလန်နေပြီ။ မိန်းမဖြစ်သူကလည်း ဓားကိုင်ရက်ပဲ ဘေးမှာထိုင်နေတာ။ ဓားကမီးဖိုချောင်သုံးဓားသေးသေးလေး ရင်ဘတ်ကိုထိုးလိုက်တော့ အဆုတ်ကိုထိုးမိပြီး ဓားကိုပြန်ဆွဲထုတ်လိုက်တော့ အဆုတ်ထဲလေဝင်သွားတဲ့သဘော၊ ဆေးရုံကိုအချိန်မီပို့ပေမယ့် ဆေးရုံမှာပဲ ဆုံးသွားတယ် “ လို့ သွားရောက်ကူညီပေးခဲ့တဲ့ မော်လမြိုင်မြို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဌ ကိုဘိုဘိုဝင်းက Duwun ကိုပြောပါတယ်။
အခင်းဖြစ်ပွားတဲ့အချိန် ညတွင်းချင်းပဲ ကျူးလွန်သူ အမျိူးသမီးကို မော်လမြိုင်မြို့ မုပွန်ရဲစခန်းက ထိန်းသိမ်းထားပြီး သေမှုသေခင်းနဲ့အတူ လူသတ်မှုနဲ့ အမှုဖွင့်အရေးယူထားပြီလို့ ကိုဘိုဘိုဝင်းကပြောပါတယ်။ မုပွန်ရဲစခန်းကို ဆက်သွယ်တဲ့ အခါမှာတော့ အမှုစစ်တာဝန်ခံကဒီအမှုနဲ့ ပက်သက်ပြီး ရမန်ယူဖို့ တရားရုံးကိုသွားနေတယ်လို့ ရဲစခန်းတာဝန်ကျသူတစ်ဦးမှ Duwun ကို ဖြေကြားခဲ့ပါတယ်။