ပြင်သစ်နိုင်ငံ အရှေ့ပိုင်း လိုင်ယွန်မြို့ရဲ့ မြို့လယ်နေရာမှာ ပါဆယ်ဗုံးအဖြစ် သံသယရှိရတဲ့ ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(ဒဏ်ရာရသူတစ်ဦးကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ်) (Photo: AFP/Getty Images)
ဒေသစံတော်ချိန် မေ ၂၄ ရက်နေ့ ညနေက ပြင်သစ်ရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ လိုင်ယွန်မြို့လယ် ဗစ်တာ-ဟူဂိုလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူ ၁၃ ဦး မပြင်းထန်တဲ့ ဒဏ်ရာများရခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးမှူးတွေက ယခုပေါက်ကွဲမှုကို စစ်ဆေးနေကြပါတယ်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Christophe Castaner က အများပြည်သူဆိုင်ရာ နေရာတွေနဲ့ အဓိက ပွဲအခမ်းအနားတွေမှာ လုံခြုံရေးတိုးမြှင့်ထားရန် ညွန်ကြားထားကြောင်း ပြောခဲ့ပါတယ်။
(ဗုံးထည့်ထားသည့်အိတ်ကို ချထားခဲ့သူ၏ CCTV မှတ်တမ်းပုံရိပ်) (Photo: @DamienRieu/Twitter)
ဝက်အူနဲ့ မူလီခေါင်းများ အပြည့်ထည့်သွင်းထားတဲ့ ဖောက်ခွဲရေးပစ္စည်းဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲဝန်းကျင်က Saone နဲ့ Rhone မြစ်နှစ်စင်းကြားရှိ သမိုင်းဝင်မြို့ရဲ့ မြို့လယ်လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ သတင်းတွေရဲ့ အဆိုအရ အသက် ၃၀ နဲ့ ၃၅ နှစ်ကြားအရွယ် အမျိုးသားတစ်ဦးက ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို စက်ဘီးတစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီး အိတ်တစ်လုံး ချထားခဲ့ကြောင်း သိရပါတယ်။
ထိုအမျိုးသားဟာ မျက်နှာဖုံးဝတ်ဆင်ထားပြီး မျက်မှန်အမည်းတပ်ထားတယ်လို့ ဆိုပါတယ်။ ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာအနီးရှိ ဟိုတယ်တစ်ခုမှ ဧည့်ကြိုဝန်ထမ်းက ပေါက်ကွဲသံဟာ နားကွဲမတတ် ကျယ်လောင်ခဲ့တယ်လို့ ပြောခဲ့ကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြပါတယ်။
(ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ သက်သေရှာဖွေနေကြစဉ်) (Photo: AFP/Getty Images)
"လူတွေ ကြောက်လန့်တကြား ပြေးလွှားနေကြပြီး ငိုသံတွေလည်း ကြားခဲ့ရတယ်" လို့ Alexis Saillan က BFMTV သတင်းဌာနကို ပြောခဲ့ပါတယ်။ ပေါက်ကွဲဖြစ်ပွားတဲ့ လမ်းမနေရာမှာ အမျိုးသားတစ်ဦးက အိတ်တစ်လုံးချသွားခဲ့တာကို CCTV တွေမှာ မှတ်တမ်းရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လိုင်ယွန်မြို့ရှိ Ampere Victor Hugo နဲ့ Bellecour မြေအောက်ရထား ဘူတာရုံတွေကို ပိတ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။