ပုသိမ်ကြီးမြို့နယ်မှာ ကျပ်သိန်းပေါင်း ၂ သောင်း ၅ ထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို မတ်လ ၁၇ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဓါတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန
ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းမှာ ဇော်လတ် မောင်းနှင်လာတဲ့ Ford Ranger အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာမှာ ဆပ်ပြာခွက် ၂၂၀ ခွက်နဲ့ ဘိန်းဖြူ ၂ ဒသမ ၄၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ၈သောင်းပြားနဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
အလားတူ မြိတ်မြို့မှာလည်း စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်တပ်ဖွဲ့စု(၃၅)က မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ သာကေတ(၅)လမ်းရှိ ဘိုဘို( ခ) နိုင်ဝင်းထိုက်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာပါ။
သူနေထိုင်ရာနေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့တာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးအမှုတွေကို ၂၀၁၉ ခုနှစ်မှာ များစွာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ တန်ဖိုးငွေပမာဏကလည်း များပြားပါတယ်။ နိုင်ငံတော်သမ္မတက မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီးတိုင်ကြားဖို့ အထူးဌာနကို ဖွင့်လှစ်ပေးထားပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖမ်းဆီးနေတယ်လု့ိ ထုတ်ပြန်ထားပါတယ်။