ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက ၎င်းရဲ့နန်းတက်ပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့ (မေ ၆ ရက်) မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဘုရင့်နန်းတော် လသာဆောင်တစ်ခုကနေ နှုတ်ဆက်ရင်း မွန့်ခွန်းပြောကြားခဲ့ပါတယ်။
(Photo: Reuters)
ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်း တီးမှုတ်ပြီး သေနတ် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုမှုနဲ့အတူ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းနဲ့ မိဖုရားစုသီတာတို့က လသာဆောင်ကနေ ပြည်သူလူထုကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။
"ကျွန်တော့်ရဲ့ နန်းတက်ပွဲအတွက် ပြည်သူအားလုံးက ချစ်ကြည်မှုကို အတူတကွ ပြသခဲ့ကြတာ မြင်ရတဲ့အတွက် ကျွန်တော်နဲ့ မိဖုရားတို့က အလွန်ကျေးဇူးတင်ဝမ်းမြောက်ပါတယ်" လို့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက ၎င်းရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ၎င်းတို့အတွက် ပျော်ရွှင်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ထိုင်းဘုရင်ကဆိုပါတယ်။
(Photo: Reuters)
ဒါ့အပြင် ထိုင်းပြည်သူများ၊ ပါတီအဖွဲ့အစည်းများ အားလုံးအနေနဲ့ နိုင်ငံတိုးတက်အောင်မြင်ရန်နဲ့ ချမ်းသာဝပြောစေရန် တာဝန်ကိုယ်စီကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်လည်း ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက တိုက်တွန်းခဲ့ပါတယ်။ ယနေ့ အခမ်းအနားမှာ လက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့က ထိုင်းဘုရင်ကို ချီတက်အလေးပြုခဲ့ကြပြီးနောက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ လူထုကြီးက 'ဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ' လို့ သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။
ယခု အစီအစဉ်မတိုင်မီ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဘုရင့်နန်းတော်အောက်ဖက် မြေပြင်ကနေ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး 'ဘုန်းတန်ခိုးကြီးတဲ့ဘုရင်နဲ့ ကြီးကျယ်မြင့်မြတ်တဲ့ Chakri မင်းဆက်ကို ကျွန်တော်တို့ရဲ့ အသက်တွေနဲ့အတူ သစ္စာစောင့်သိပါမည်' လို့ ကတိသစ္စာပြုခဲ့ပါတယ်။
(Photo: Reuters)
ပြည်သူလူထုကို နှုတ်ဆက်မိန့်ခွန်းပြောပြီးနောက် ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက နန်းတက်ပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံခြားသံတမန် ဧည့်သည်တော်တွေနဲ့ တွေ့ဆုံကာ ကျေးဇူးတင်စကားပြောပြီးနောက် သုံးရက်ကြာ နန်းတက်ပွဲအခမ်းအနား အစီအစဥ်များ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။
ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း နန်းတက်ပွဲအခမ်းအနားတွေကို မေ ၄ ရက်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နန်းတက်ပွဲအခမ်းအနား ပထမဆုံးရက်ဖြစ်တဲ့ မေ ၄ ရက်မှာ ဗာဂျီယာလောင်ကွန်းရဲ့ ကိုယ်ခန္ဓာကို ဘိသိက်ရေစင်သွန်းလောင်းပြီး သရဖူနဲ့ အခြား မင်းမြှောက်တန်ဆာတွေကို လက်ခံရယူခဲ့ပြီး Chakria မင်းဆက်ရဲ့ ၁၀ ဆက်မြောက် ရာမဘုရင် (Rama X) တရားဝင် ဖြစ်လာခဲ့ပါတယ်။
(Photo: Reuters)
ထို့နောက် မေ ၅ ရက်မှာတော့ အသက် ၆၆ နှစ်အရွယ် ထိုင်းဘုရင်သစ် ဗာဂျီယာလောင်ကွန်းက နန်းတော်ကနေ ဝေါယာဉ်ဖြင့် ထွက်ခွာလှည့်လည်ပြီး တော်ဝင်ဘုရားကျောင်းသုံးခုရှိ ဗုဒ္ဓရုပ်ပွားတော်သုံးဆူကို သွားရောက်ဖူးမြော်ပါတယ်။ ထိုင်းဘုရင်သစ် ဝေါယာဉ်ဖြင့်လှည့်လည်မှုကို နိုင်ငံတစ်ဝှမ်းမှ ပြည်သူများစွာက အပူချိန်မြင့်တက်နေပေမဲ့ စောင့်ဆိုင်းကြည့်ရှုကာ အရိုအသေပေးခဲ့ကြပါတယ်။ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းဟာ ၎င်းရဲ့ဖခင် ဘုရင်ဘူမီဘော ကွယ်လွန်ခဲ့ပြီးနောက် ထီးနန်းကိုဆက်ခံခဲ့ပြီး ၂ နှစ်အကြာမှာ နန်းတက်ပွဲကျင်းပတာလည်း ဖြစ်ပါတယ်။ နန်းတက်ပွဲအစဥ်အလာအရ နောက်ဆုံးကျန်ရှိနေသေးတဲ့ မင်္ဂလာလှေတော် စီးနင်းလှည့်လည်ခြင်းကို ယခုနှစ်အတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
(Photo: CNA/MediaCorp)
ဗာဂျီယာလောင်ကွန်းဟာ ဖခင်ဖြစ်သူ ကွယ်လွန်ချိန်က ထီးနန်းဆက်ခံခဲ့စဉ် အသက် ၆၄ နှစ်အရွယ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ထီးနန်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ထီးနန်းဆက်ခံသူလည်း ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက နန်းတက်ပွဲမတိုင်မီ ၎င်းရဲ့ ကာလရှည်ကြာ လက်တွဲဖော်နဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးဖြစ်သူ အသက် ၄၀ နှစ်အရွယ် စုသီတာကို လက်ထပ်ပြီး မိဖုရားတင်မြှောက်ခဲ့ကြောင်းလည်း သိရပါတယ်။
Source: CNA, Reuters, AFP