• ပူတင်တယောက် မချိမဆန့်ခံစားပြီးသေသွားဖို့ မျှော်လင့်တယ်လို့ မန်စီးတီးကစားသမားပြောကြား

ပူတင်ကို ဇင်ချန်ကိုတယောက် ကျိန်စာတိုက်ခဲ့တာပါ။

မန်စီးတီးရဲ့ ယူကရိန်းလက်ရွေးစင် ကစားသမား ဇင်ချန်ကိုက သူ့နိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တယောက် အနာကျင်ဆုံးခံစားပြီး သေဆုံးသွားဖို့ မျှော်လင့်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။ ဒီကနေ့ မနက်အစောပိုင်းကစလို့ ပူတင်က စစ်ကြေညာပြီး ယူကရိန်းနိုင်ငံကို စတင်ကျူးကျော်လျက်ရှိပါတယ်။

image

ရုရှားနဲ့ယူကရိန်းတို့အကြား ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတည်းက တင်းမာမှုတွေရှိခဲ့ပြီး အနောက်အုပ်စုက ပူတင်ကို ရပ်တန်းကရပ်ဖို့ သတိပေးခဲ့ပေမယ့် ပူတင်က အခုလိုပဲ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ရုရှားတိုက်လေယာဥ်တွေဟာ ယူကရိန်းနိုင်ငံအတွင်းကို ကျူးကျော်ဝင်ရောက် ဗုံးကြဲနေပြီး ယူကရိန်းမြို့တော် ကိဗ်မြို့ကလည်း ဗုံးဒဏ်ကို စတင်ခံစားနေရပါတယ်။

image

ဇင်ချန်ကိုဟာ ဒီမတိုင်ခင်တည်းက သူ့နိုင်ငံ ယူကရိန်းနဲ့တသားတည်းရှိနေမယ့်အကြောင်း ပြောကြားထားသလို ဂန္တဝင်ကစားသမား ရှက်ဗ်ချန်ကိုကလည်း ယူကရိန်းပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်သွားမယ့်အကြောင်း မနေ့ကမှ ပြောကြားထားတာဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အသေအပျောက်တွေရှိနေပြီး ဇင်ချန်ကိုကလည်း အခုလိုပဲ ပူတင်ကို ထိုးနှက်ပြောကြားခဲ့ပါတယ်။

ဇင်ချန်ကိုက သူ့ရဲ့အင်စတာဂရမ်ကတဆင့် “ငါကတော့ ပူတင်ဆိုတဲ့ ခင်ဗျားကို အနာကျင်ဆုံးဆိုတဲ့အရာကို ခံစားပြီး ဆိုးဆိုးရွားရွား သေစချင်တယ်” လို့ ရေးသားခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဇင်ချန်ကိုရေးထားတဲ့ အဆိုပါအကြောင်းအရာကို အင်စတာဂရမ်က ဖျက်ချပစ်ခဲ့တယ်လို့ သိရပြီး ဒါကိုလည်း ဇင်ချန်ကိုက အတည်ပြုပေးခဲ့ပါတယ်။

လက်ရှိနောက်ဆုံးရသတင်းတွေအရတော့ ရုရှားဟာ ယူကရိန်းရဲ့ အခြေစိုက်စစ်စခန်းတွေ၊ သယ်ယူပို့ဆောင်ရေး အချက်အချာကျတဲ့ လေဆိပ်တွေကို တိုက်ခိုက်ခဲ့ပြီး ယူကရိန်းဘက်ကလည်း ရုရှားရဲ့ တိုက်လေယာဥ်အချို့ကို ပစ်ချခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က