ရောဂါကူးစက်မှုဆိုင်ရာ အကြီးဆုံး ပြန်လည်သုံးသပ်မှုအရ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၃ ပေကျော်အကွာ နေထိုင်ခြင်း၊ mask နဲ့ မျက်လုံးအကာအကွယ်တပ်ခြင်းတို့က COVID-19 ကူးစက်မှုအန္တရာယ် လျှော့ချရန် အကောင်းဆုံး နည်းလမ်းများဖြစ်ကြောင်း ရောဂါကူးစက်မှုဆိုင်ရာ အကြီးဆုံး ပြန်လည်သုံးသပ်မှုအရ သိရှိရပါတယ်။

(Photo: Reuters)

နိုင်ငံ ၁၆ ခုမှ လေ့လာမှု ၁၇၂ ခုကို ပြန်လည်သုံးသပ်မှုအရ မကြာခဏ လက်ဆေးခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ကလည်း အရေးပါကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဆောင်ရွက်မှုတွေအားလုံးကို လုပ်ဆောင်သည့်တိုင် COVID-19 ကို အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိပေမဲ့ ကူးစက်မှုအန္တရာယ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။



သုတေသီတွေရဲ့ ယခုတွေ့ရှိချက်ကို Lancet ဆေးပညာဂျာနယ်မှာ ယမန်နေ့ (ဇွန် ၁ ရက်) က ဖော်ပြထားခဲ့ပြီး အစိုးရတွေနဲ့ ကျန်းမာရေးဌာနများကို အကူအညီဖြစ်စေမယ်လို့ သိရပါတယ်။ နိုင်ငံတကာ သုတေသီတွေ ပါဝင်ကြတဲ့ အဖွဲ့တစ်ဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်စေတဲ့ COVID-19, SARS နဲ့ MERS ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် လူများ ခပ်ခွာခွာနေခြင်း၊ mask နဲ့ မျက်လုံးအကာအကွယ်တပ်ခြင်းတို့နဲ့ ပတ်သက်ပြီး လေ့လာမှု ၁၇၂ ခုကို ပြန်လည်သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: AFP)

ထိုသို့ ပြန်လည်သုံးသပ်ရာမှာ လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 အတွက်ကတော့ အကန့်အသတ်အချို့ရှိခဲ့ပြီး အထောက်အထားအများစုဟာ SARS နဲ့ MERS လေ့လာမှုတွေမှ ဖြစ်တယ်လို့ သုတေသီတွေက ပြောထားပါတယ်။ သို့သော် ၎င်းတို့ရဲ့ တွေ့ရှိချက်အရ လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၃ ပေကျော်အကွာ နေထိုင်ခြင်းက COVID-19 ကူးစက်ပျံ့နှံ့မှုအန္တရာယ် လျော့နည်းစေကြောင်းနဲ့ ၆ ပေကျော်အကွာ နေထိုင်ခြင်းက ပိုမိုထိရောက်နိုင်တယ်လို့ သိရှိရပါတယ်။

(Photo: AP)

COVID-19 နဲ့ ပတ်သက်ပြီး အချက်အလက် သိရှိနိုင်မှု နည်းပါးတာကြောင့် အချို့ အစိုးရတွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက ကွဲလွဲနေတဲ့ လိုက်နာဆောင်ရွက်စရာ အကြံပြုချက်တွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိ အထောက်အထားတွေအရ COVID-19 ဟာ အထူးသဖြင့် လူတွေ ချောင်းဆိုရာမှ လွင့်ထွက်လာတဲ့ အရည်အစက်လေးများမှတစ်ဆင့် ပျံ့နှံ့သွားနိုင်ပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကနေဖြစ်စေ၊ ပိုးရှိနေတဲ့ မျက်နှာပြင်တွေကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ထိတွေ့မိရာကနေဖြစ်စေ ကူးစက်နိုင်ကြောင်း Reuters သတင်းမှာ ဖော်ပြတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က