မန်စီးတီးရဲ့ နောက်ခံအစွန်လူ ကန်ဆယ်လိုဟာ အက်စတွန်ဗီလာကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ပွဲအပြီးမှာ မန်စီးတီးပရိသတ်လည်းဖြစ်၊ အော်တစ်ဇင်တယောက်လည်းဖြစ်တဲ့ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
မန်စီးတီးက အက်စတွန်ဗီလာကို ၃-၂ ဂိုးနဲ့အနိုင်ရရှိကာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် မန်စီးတီးပရိသတ်တွေ အီတိဟတ်ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့တာပါ။ ဒီလိုမျိုး အောင်ပွဲခံတဲ့နေရာမှာ အသက် (၁၀) နှစ်အရွယ် အော်တစ်ဇင်ကလေးငယ်လေး အိုလီဂေါ်ဒွန်ကလည်း အဖေဖြစ်သူနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လူကြားထဲမှာ ဂေါ်ဒွန်တယောက် အဖေဖြစ်သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။
ဒီကလေးငယ်လေးကို ကန်ဆယ်လိုက ကွင်းထဲမှာ မိသားစုနဲ့ပြန်မတွေ့ခင်အချိန်ထိ ခေါ်ယူစောင့်ရှောက်ပေးထားခဲ့ပြီး ကန်ဆယ်လိုသာ ဒီလိုမလုပ်ခဲ့ရင် သာမန်အတိုင်းဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ ကလေးငယ်လေးအတွက် အသက်အန္တရာယ်ရှိနိုင်တယ်လို့ မိသားစုကဆိုပါတယ်။ မိသားစုကလည်း ကန်ဆယ်လိုရဲ့ ကြင်နာတတ်တဲ့ အပြုအမူအတွက် အခုလိုပဲ ကျေးဇူးတင်စကားပြောလာပါတယ်။
ဂေါ်ဒွန်ရဲ့အမေ လော်ရန်က “သားက ပြေးထွက်သွားပြီး အော်တစ်ဇင်လည်းဖြစ်နေတာကြောင့် အန္တရာယ်တွေ၊ ကြောက်စရာတွေကို သတိမမူနိုင်ပါဘူး။ အက်စတွန်ဗီလာဂိုးသမားကို ပရိသတ်တွေ ရန်ရှာနေတာ ဂေါ်ဒွန်လည်းမြင်ပါတယ်။ ဗီဒီယိုထဲမှာလည်း ဂေါ်ဒွန်ကို မြင်လိုက်ကြမှာပါ။ အဲ့ဒီဖြစ်ရပ်က သူ့ကိုကြောက်လန့်စေခဲ့ပါတယ်”
“သူ ကန်ဆယ်လိုကိုမြင်တော့ ကန်ဆယ်လိုဆီပြေးသွားပါတယ်။ ကန်ဆယ်လိုကလည်း သူ့ကိုပွေ့ဖက်ထားပြီး လူတောထဲက တွန်းထွက်လာပါတယ်။ တော်တော်လေးလျင်မြန်တဲ့ဖြစ်ရပ်ဆိုပေမယ့် လူတွေသာ ဆက်တိုးနေရင် ကျမသားက ကြောက်လန့်ပြီး သူ့ကိုယ်သူ ထိန်းသိမ်းနိုင်တဲ့သူမျိုးလည်း မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမှာ ကွင်းထဲဆင်းပြေးလာတဲ့ မန်စီးတီးပရိသတ်အချို့ဟာ အက်စတွန်ဗီလာဂိုးသမား အိုလ်ဆင်ကိုလည်း ရန်ပြုတိုက်ခိုက်ခဲ့ကြပြီး ဒီဖြစ်ရပ်အတွက် မန်စီးတီးကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က ပြစ်ဒဏ်ချ အရေးယူခဲ့ပါတယ်။