Google Pixel 6 စီးရီးထဲက ဈေးအသက်သာဆုံး ဖုန်းသစ်ဖြစ်တဲ့ Pixel 6a ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Pixel 5a ဈေးနဲ့ ထွက်လာတဲ့ Pixel 6a ဖုန်းသစ်ဟာ Compact Size လို့ ဆိုရမယ့် ၆.၁ လက်မ FHD+ OLED Panel နဲ့လာပြီး ဒီဇိုင်းပိုင်းမှာ Pixel 6 ၊ Pixel 6 Pro တို့ရဲ့ ဖက်ရှင်ကို ယူသုံးထားပါတယ်။ Pixel 6 နဲ့ 6 Pro တို့မှာ Screen Refresh Rate 90Hz နဲ့ 120Hz တွေ သုံးခဲ့ပြီး ဈေးသက်သာတဲ့ Pixel 6a ကတော့ 60Hz နဲ့ပဲ လာပါတယ်။ Pixel 6a မှာ Always-On Display support ပေးထားပြီး Google ထုတ် တန်ဖိုးသင့်ဖုန်းတွေထဲမှာ ပထမဆုံး In-Display လက်ဗွေဖတ်စနစ် ပါလာတဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။

ဘောင်ကိုလည်း အလူမီနီယံဖရိမ်ပဲ သုံးထားပြီး ရှေ့မှန်ကိုတော့ Gorilla Glass Victus အစား Gorilla Glass 3 နဲ့ ကျောဘက်မှာ ပလတ်စတစ်ကာဗာ တပ်ထားပါတယ်။ IP67 Rating ရေစို/ဖုန်တင်ခံ ဖုန်းဖြစ်ပြီး တခြား Pixel 6 အမြင့်ဖုန်းနှစ်လုံးအတိုင်း Google Tensor SoC ၊ Titan M2 Security Chip တို့ အသုံးပြုထားပါတယ်။ LPDDR5 RAM 6GB/UFS 3.1 Storage 128GB လည်း ပါရှိပါတယ်။
ဘက်ထရီပါဝါ 4306 mAh ဟာ Fast Charging စနစ် ထောက်ပံ့ပေးထားပြီး Extreme Battery Saver Mode ကြောင့် တစ်ခါအားသွင်းထားပါက ၇၂ နာရီအထိ အသုံးခံမယ်လို့ ဆိုပါတယ်။ Pixel 6a ဟာ Pixel A-Series တွေထဲမှာ ပထမဆုံး 3.5mm Headphone Jack မပါတဲ့ ဖုန်းတစ်လုံးပါ။ ကျောဘက်ကင်မရာဒီဇိုင်းဟာ Pixel 6 / 6 Pro တို့နဲ့ ဆင်ပေမယ့် ကင်မရာစနစ်ကိုတော့ 50MP ISOCELL GN1 Sensor အစား 12.2MP Wide-Angel နဲ့ 12MP Ultrawide Sensor တို့ ပြောင်းလဲ အသုံးပြုထားပါတယ်။
ရှေ့ဘက် Central Punch-Hole ကင်မရာပေါက်ထဲမှာ 8MP Sony IMX355 Selfie ကင်မရာနဲ့ လာပါတယ်။ Highlight Features တွေအနေနဲ့ ညွှန်းစရာက 5G ကွန်ရက်ချိတ်ဆက်မှုစနစ် ၊ HDR Support ၊ စတီရီယိုစပီကာတွေ နဲ့ မိုက်ခရိုဖုန်းနှစ်လုံးတို့ သုံးထားတာပဲ ဖြစ်ပါတယ်။ Google Pixel 6a ဟာ Android 12 စနစ်နဲ့ လာပြီး Security Update ၅ နှစ် ၊ Major Android Update ၃ နှစ် ပေးထားတာကြောင့် ၂၀၂၇ ခုနှစ်အထိ Software Support ရမှာ ဖြစ်ပါတယ်။
Pixel 6a ကို Chalk ၊ Charcoal နဲ့ Sage သုံးရောင်နဲ့လာပြီး ဒီနှစ် ဇူလိုင် ၂၁ ရက်နေ့က စပြီး ဈေးကွက်တင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်း ၄၄၉ ဒေါ်လာ (မြန်မာငွေ ၉ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။