မျက်တောင်တချက်ခတ်လိုက်တာနဲ့ အရာအားလုံးလွတ်သွားနိုင်တဲ့ပွဲတပွဲကို မြင်တွေ့ခံစားခဲ့ရတာပါ။ ပထမပိုင်းစပြီဆိုတာနဲ့ နှစ်သင်းလုံးက ဘယ်လိုထိုးဖောက်ရမယ်၊ တိုက်စစ်ဆင်ရမယ်ဆိုတာကိုပဲ စဥ်းစားနေခဲ့ပြီး အထူးသဖြင့် မန်စီးတီးဘက်က ကြောက်စရာကောင်းတဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို အချိန်နဲ့အမျှ မြင်တွေ့ခဲ့ရပါတယ်။
လီဗာပူးက သူတို့ရဲ့ဂိုးဧရိယာတဝိုက်မှာတင်ကို အကြိမ်ကြိမ် ဘောလုံးဆုံးရှုံးခဲ့ပြီး အန္တရာယ်ရှိလောက်တဲ့ အခွင့်အရေးတွေကို ဆက်တိုက်ပေးခဲ့ရပါတယ်။ ဖာဘင်ဟို အားနည်းချက်တွေများခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးမှာလည်း ဒီဘရိုင်းဖိန့်သွားတာကို လွယ်လွယ်လေးနဲ့ ကျန်နေရစ်ခဲ့ပါတယ်။
ဒါပေမယ့် လီဗာပူးတို့ ချေပဂိုးချက်ချင်းပြန်ရဖို့ အားကုန်ထုတ်ခဲ့ပြီး အာနိုးလ် ချပေးလိုက်တဲ့ ဘောလုံးကို ဂျိုတာက အနီးကပ်ပိတ်သွင်းခဲ့ပါတယ်။ လီဗာပူးက အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ မန်စီးတီးကို ပုံမှန်အတိုင်း High Defense နဲ့ ကစားရမလား၊ Low Block ချကစားရမလား ဝေခွဲရခက်နေတဲ့ပုံပါပဲ။ ကွင်းလယ်နဲ့ နောက်တန်းအကြား ဟာကွက်တွေလည်း အမြဲတမ်းပေါ်နေခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ပြောစရာထပ်ဖြစ်ခဲ့တာကတော့ အီဒါဆန်ရဲ့ သည်းထိတ်ရင်ဖို လုပ်ရပ်ပဲဖြစ်ပါတယ်။ လီဗာပူးတို့ ချေပဂိုးရပြီး ချက်ချင်းဆိုသလို အနေအထားမှာတင် အီဒါဆန် အယောင်ယောင်အမှားမှားနဲ့ တကွက်ပြသွားတာဖြစ်ပြီး ဂျိုတာနဲ့ ထိရုံထိလိုက်တာနဲ့ကို ဂိုးထဲဝင်သွားမှာဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း Lob Pass တွေကတဆင့် လီဗာပူးရဲ့ High Defense ကို ကျော်ဖြတ်ဖို့ သေချာပြင်ဆင်လာပါတယ်။ လီဗာပူးအတွက်ကလည်း ခံစစ်တန်းကို နောက်တအားချကစားရင်တောင် ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်တို့ကို လွတ်လွတ်ကျွတ်ကျွတ် ပေးကစားသလိုဖြစ်သွားမှာပါ။ မန်စီးတီးအတွက် နောက်ထပ်ဦးဆောင်ဂိုးကိုတော့ ကန်ဆယ်လို မ ပေးလိုက်တဲ့ ဘောလုံးကို ဂျေးဆု ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။
ပထမပိုင်းမှာတော့ ဒီရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ဒုတိယပိုင်း စစချင်းမှာ မန်စီးတီးတို့ မထင်မှတ်ဘဲ ချေပဂိုးပေးလိုက်ရပါတယ်။ ဆာလာရဲ့ အကွက်မြင်မြင်ပေးပို့မှုကို မာနေး အဆုံးသတ်သေချာစွာနဲ့ပဲ ချိန်သားကိုက် ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာ စတာလင် မန်စီးတီးအတွက် ဦးဆောင်ဂိုးထပ်သွင်းပေမယ့် လူကျွံနေတယ်လို့ VAR က သတ်မှတ်ခဲ့ပါတယ်။
ဂျေးဆု အပိုင်အခွင့်အရေးနှစ်ကြိမ်လောက်ကို လုံးဝလူမပေးဘဲ တကိုယ်ကောင်းဆန်ခဲ့တာကြောင့်လည်း မန်စီးတီးတို့ နစ်နာခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းလုံးကို အရဲစွန့်ပြီး အတင်းတိုက်တာမျိုးမလုပ်တော့ဘဲ အခြေအနေကြည့် ကစားသွားတာကြောင့် တဖက်နှစ်ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးခဲ့ပါတယ်။ လီဗာပူးဘက်က Tactical Foul တွေဆက်တိုက် ကျူးလွန်ခဲ့သလို ပွဲပြီးခါနီးမှာ မာရက်ဇ်ရဲ့ ဖရီးကစ်ကန်ချက် တိုင်ထိထွက်ခဲ့တာ၊ နောက်ဆုံးမိနစ်မှာ မာရက်ဇ်ပဲ အယ်လစ်ဆန်ကို ကျော်ကန်တာမှာ ဂိုးဘားပေါ်ကျော်သွားတာတွေကလည်း မန်စီးတီးအတွက် နောက်ထပ်နစ်နာစရာဖြစ်ခဲ့ပါတယ်။
ဒီရလဒ်ကြောင့် နှစ်သင်းကြား ရမှတ်ကွာဟချက်ကတော့ ပုံမှန်အတိုင်း တမှတ်သာရှိနေဆဲဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအဆုံးအဖြတ်အတွက် ပွဲစဥ် (၃၈) အထိ စောင့်ကြည့်ရဦးဖို့ရှိနေပါတယ်။
Share