ပြီးခဲ့တဲ့ (၂၀၁၈) ရုရှားကမ္ဘာ့ဖလားမှာ စတင်အသုံးပြုခဲ့တဲ့ ဖီဖာရဲ့ Fair-play Tiebreaker စနစ်ကို လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီစည်းမျဥ်းကတော့ အသင်းနှစ်သင်းကြား ရမှတ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုးအရေအတွက် တူညီနေချိန်မှာ စည်းကမ်းပိုင်းအချက်အလက်နဲ့ ဆုံးဖြတ်တာပဲဖြစ်ပါတယ်။
အုပ်စုပွဲစဥ်တွေ မစတင်ခင်မှာ အသင်းတိုင်းကို ရမှတ် (၀) သတ်မှတ်ပေးထားပြီး အဲ့ဒီထဲကနေမှ အဝါကတ်တကတ်အတွက် တမှတ်၊ နှစ်ဝါတနီအတွက် သုံးမှတ်၊ တိုက်ရိုက်အနီကတ်အတွက် လေးမှတ် နှုတ်ယူသွားတာပါ။ ဒါ့အပြင် တပွဲတည်းမှာပဲ အဝါကတ်တကတ်နဲ့ တိုက်ရိုက်အနီကတ်ပါ ထိခဲ့မယ်ဆိုရင် (၅) မှတ်အထိ အနှုတ်ခံရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာ ဆီနီဂေါက Fair-play Tiebreaker နဲ့ ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆီနီဂေါနဲ့ ဂျပန်တို့ဟာ အုပ်ု နောက်ဆုံးပွဲမှာ အသီးသီးရှုံးနိမ့်ခဲ့ကြသလို ရမှတ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုးအရေအတွက်တွေမှာ တူညီနေခဲ့ပါတယ်။ နှစ်သင်းထိပ်တိုက်တွေ့ခဲ့တဲ့ အုပ်စုပွဲမှာလည်း နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။
ဒါပေမယ့် ဆီနီဂေါက ဂျပန်ထက် အဝါကတ်နှစ်ကတ် ပိုမိုပြသခံခဲ့ရတာကြောင့် ဒီလိုမျိုး စည်းကမ်းနဲ့ အကဲဖြတ်ချိန်မှာတော့ ဂျပန်က ရှုံးထွက်အဆင့်ကို တက်ရောက်ကာ ဆီနီဂေါကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဆီနီဂေါနည်းပြ အလူးဆစ်စီကတော့ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။
အလူးဆစ်စီက “ဒါက ကစားပွဲရဲ့ စည်းမျဥ်းစည်းကမ်းပါပဲ။ ဒါကို ဖီဖာက ပြဌာန်းထာဖြစ်ပြီး ကျနော်တို့ ဒါကို လေးစားမှုရှိရပါမယ်။ ဒါပေမယ့်လည်း ကျနော်တို့ ပြိုင်ပွဲကထွက်ရမယ်ဆိုရင်တောင် တခြားနည်းလမ်းနဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီစည်းမျဥ်းအပေါ် ကျေနပ်နှစ်သက်မှုမရှိဘဲ နည်းလမ်းအားလုံး ကုန်သည့်တိုင် အခြားသော နည်းလမ်းနဲ့သာ အုပ်စုတက်ရေးကို ဆုံးဖြတ်ပေးဖို့ အလိုရှိနေကြပါတယ်။