ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပြီးခဲ့တဲ့ရာသီ မန်စီးတီးနဲ့ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တုန်းက ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အပေါ် ဒါမျိုးထပ်မဖြစ်အောင် ကာကွယ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ကနေ ဖြုတ်ချခဲ့တာပါ။
မန်စီးတီးကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ လေးဂိုးပြတ်အထိ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အခု ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ တစ်ကျော့ပြန် ထိပ်တိုက်တွေ့ဆုံနေတာပါ။
ဒီနေ့ည ရီးရဲလ်မက်ဒရစ်ကွင်းမှာ ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့ဒီပွဲမတိုင်ခင်မှာ အန်ဆယ်လော့တီက “ပြီးခဲ့တဲ့ရာသီက ပွဲမှာ ကျွန်တော်တို့ တွန်းအားမရှိ၊ အရည်အချင်းမရှိတဲ့ပုံစံမျိုးနဲ့ ကစားခဲ့ပါတယ်။ စိတ်အားထက်သန်မှုက ဒီလိုပွဲမျိုးတွေမှာ လိုအပ်ပြီး ဒုတိယအကျော့တုန်းက ကျွန်တော်တို့မှာ မရှိခဲ့ပါဘူး”
“ကျွန်တော်တို့ အခွင့်အရေးမရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပွဲချိန်အတွင်းမှာ ကျွန်တော်တို့က ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ မထိန်းချုပ်နိုင်ခဲ့တာကြောင့်ပါ။ ဒါက စိတ်ပိုင်းဆိုင်ရာပြဿနာပဲ မဟုတ်ဘဲ နည်းစနစ်ပိုင်းပြဿနာပါ ဖြစ်ခဲ့ပါတယ်”
“မန်စီးတီးက ရှေ့ကို တော်တော်လေးတက် ဖိအားပေးခဲ့ပြီး ကျွန်တော်တို့မှာ အခြားနည်းလမ်း ရှာမရခဲ့ပါဘူး။ သေချာတာကတော့ ဒါမျိုး ထပ်မဖြစ်အောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်တိုက်တွေ့တာကလည်း ဒီရာသီနဲ့ဆိုရင် (၃) ရာသီဆက်တိုက်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။