ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ မြို့မဈေးကြီးထဲမှာဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်ကို ကော်သေနတ်နဲ့ ခြိမ်းခြောက်ပြီး ပစ္စည်းလုယူမှု ဒီနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
တခိုင်လုံး ရွှေဆိုင်ကို အမည်မသိအမျိုးသားတစ်ဦးကဝင်ရောက် လုယက်ခဲ့တာဖြစ်ကြောင်း၊ လုယက်သူကို ပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
" ခု မနက် ၈ နာရီလောက်မှာဖြစ်သွားတာ။ကော်သေနတ်နဲ့ရွှေလုတယ်လည်းမသိဘူး။ရွှေဆိုင်ကို လက်စွပ်ပြခိုင်းပြီးမှ သေနတ်နဲ့လုတာ။ဆိုင်ပိုင်ရှင်က အော်ပြီးအကူအညီတောင်းတော့ထွက်ပြေးရင်း ဝိုင်းဖမ်းကြတော့မိမှ ကော်သေနတ်မှန်းလည်းသိတာ " လို့ ပြည်မြို့ စျေးကြီးမှ စျေးသည်တစ်ဦးကပြောပါတယ်။
လုယက်သူကို ဖမ်းမိပြီးနောက် ပြည်မြို့မဈေးခေါင်းရုံးကနေတဆင့် ရဲတွေဆီကိုအပ်လိုက်ကြောင်း၊ လုယက်သွားတဲ့ပစ္စည်းတချို့ကိုလည်း ရရှိခဲ့တယ်လို့သိရပါတယ်။
ပြည်မြို့မှာ ခုလိုသေနတ်ပြပြီး ရွှေဆိုင်ကိုဝင်ရောက်လုယက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။ ဆိုင်ကယ်စီးသူတွေ ၊စက်ဘီး၊လမ်းသွားလမ်းလာတွေဆီကလုယက်မှုတွေကတော့ ပိုပြီးအဖြစ်များနေတယ်လို့သိရပါတယ်။