Ro ဆန်ဆန် အချစ်ဇာတ်ကားလေးတစ်ခုဖြစ်လာဦးမယ့် ‘’ရင်ဝှက်အက္ခရာ’’ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ အောင်ကိုလတ်က မကြာခင်ရိုက်ကူးသွားမှာပါ။ ပြည်တွင်းအနုပညာရှင်တွေနဲ့အတူ ကိုရီးယားအနုပညာရှင်လည်း ပါဝင်မယ်လို့ သိရပါတယ်။

‘’ရင်ဝှက်အက္ခရာ’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို မေလ ၁၉ ရက်နေ့က CHINESE 47 မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းကိုကို၊ ကိုရီးယားမင်းသားချော Mah Won Woo နဲ့ နန်းဆုဦးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ထွန်းကိုကိုက ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ သူ့အတွက် တာဝန်ကြီးမယ့် ဇာတ်ကားဖြစ်တယ်လို့ ထွန်းကိုကိုက Duwun Media ကိုပြောပြခဲ့ပါတယ်။
‘’ ကျွန်တော့်အတွက် တာဝန်ကြီးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်အများကြီး ကြိုးစားရမယ် ဒီဇာတ်ကားမှာ။ ပြီးတော့ ကိုရီးယားမင်းသားလည်းပါတော့ သူနဲ့လည်း ခင်တယ်။ အားလုံး တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးကြိုးစားရမယ်။ ဒါရိုက်တာကလည်း ဦးအောင်ကိုလတ် ဆိုတော့ ကျွန်တော့်အတွက် လုံးဝ ကံကောင်းခြင်း ဆုလာဘ် တစ်ခုလို့ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။
အဲဒီနောက် နန်းဆုဦးကလည်း သူပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာလေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။ အချစ်ဇာတ်ကားလေးဖြစ်လို့ အချစ်အကြောင်းတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခဲ့ရပုံတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။
‘’ဒီဇာတ်ကားလေးက တစ်ကားလုံးက အချစ်ပေါ့။ နူးနူးညံ့ညံ့ အချစ်ဇာတ်ကားလေးဆိုတော့ အဓိကကတော့ စိတ်ကိုမွေးရတာပေါ့နော်။ ဒီဇာတ်ကားမရိုက်ခင် နှစ်ပတ်လောက်အလိုမှာ နူးညံ့ပျော့ပြောင်းအောင် သီချင်းနားထောင်ရင်တောင်မှ အချစ်သီချင်းလေးတွေ နားထောင်ရမယ်ပေါ့။ အဲဒီလို ကြိုတင်ပြင်ဆင်မှုလေးတွေတော့ လုပ်ထားပါတယ်’’ လို့ သဘောကျရယ်မောရင်း ပြောခဲ့ပါတယ်။
‘’ရင်ဝှက်အက္ခရာ’’ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ အောင်ကိုလတ်က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ AA Production ကနေ ပထမဆုံးရိုက်ကူးမယ့် ဇာတ်ကားဖြစ်ပါတယ်။ ‘’ရင်ဝှက်အက္ခရာ’’ ရုပ်ရှင်ဇာတ်ကားကိုတော့ မေလ ၂၀ ရက်နေ့ကျရင် ပူတာအိုမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။