''တိမ်တွေပေါ်က ပန်း'' ရုပ်ရှင်ကားကြီးမှာ အတူတူ သရုပ်ဆောင်ရမှာပါ။

ဝတ်မှုံရွှေရည် နဲ့အတူ မြန်မာနိုင်ငံက ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယား မင်းသားချော Ryu Sang Wook တို့ကိုတော့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားတည်းမှာ အတူတူသရုပ်ဆောင်တာကို တွေ့ရတော့မှာပါ။ ဇာတ်ကားနာမည်လေးကိုတော့ ‘’တိမ်တွေပေါ်က ပန်း’’ လို့ အမည်ပေးထားပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်က ‘’တိမ်တွေပေါ်က ပန်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယား သရုပ်ဆောင် Ryu Sang Wook နဲ့ တွဲဖက်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဇာတ်ကားအတွက် လေ့ကျင့်မှုတွေ လုပ်နေပြီလို့ ဝတ်မှုံရွှေရည်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကစ် တို့ ရှေ့ရက်တွေတုန်းက Workshop တွေ လုပ်ကြတယ်။ သူနဲ့ကစ်နဲ့ အပေးအယူမျှအောင် လေ့ကျင့်ခဲ့ကြတာမျိုးတွေ၊ စကားပြောကြတာမျိုးတွေရှိတယ်။ ကိုယ်နဲ့ သူနဲ့ကလည်း ဒါရိုက်တာလိုချင်တဲ့ ပုံစံ ဖြစ်လား မဖြစ်လား ဆိုတာမျိုးလေးတွေပေါ့။ အခုတော့ အဆင်ပြေပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် Ryu Sang Wook ရဲ့သရုပ်ဆောင်မှုတွေကလည်း အရမ်းတော်တဲ့အကြောင်း ဝတ်မှုံရွှေရည်က ပြောပြခဲ့ပါသေးတယ်။

‘’ သူကလည်း အရမ်းတော်တယ်။ ဦးမောင် ပြောတာနဲ့ ချက်ချင်းဖြစ်တယ်။ ချက်ချင်းပဲ Mood တွေဝင်တယ်။ အစမ်းလေ့ကျင့်တဲ့ ရက်တုန်းကဆိုရင် ဒီဇာတ်ကားပေါ်မှာ သေသေချာချာကို စိတ်ဝင်စားပြီးတော့ သရုပ်ဆောင်တာ။ ကစ်ကတော့လေ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တစ်ခုအတွက်ကိုတော့ ရင်ခုန်တယ်’’ ဆိုပြီးတော့ ‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံအတွင်းက ချင်းပြည်နယ်နဲ့ တောင်ကိုရီးယားနိုင်ငံက ဘူဆန်မြို့ တို့မှာ အဓိက ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ စင်ရော်မောင်မောင် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးပုံဖော်သွားမှာပါ။ ဇာတ်လမ်းကတော့ မိုးနီလွင် ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇွန်လအတွင်းမှာ ရိုက်ကူးမယ်လို့ ဆိုပါတယ်။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ ကျော်ထက်အောင်၊ Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာပါ။

လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Share

Loading Next Article...
က္က