ဒေသအစားအစာတွေကိုလွမ်းနေသူအတွက်ပါ။

မြန်မာ့ရိုးရာမုန့်လေးတွေထဲမှာ ထားဝယ်ဒေသ ရိုးရာမုန့်လေးတွေဟာလည်း လူကြိုက်များပြီး နှစ်နှစ် သက်သက်စားသုံးကြတဲ့မုန့်လေးတွေပါ။ အရင်လိုခရီးတွေသိပ်မသွားဖြစ်ကြလို့ ဒီလို ဒေသအစားအစာ လေးတွေကို လွမ်းနေကြတဲ့သူတွေအတွက် ထားဝယ်ရိုးရာ မုန့်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



မြေအိုးနဲ့လုပ်တဲ့ ထားဝယ်ရိုးရာမုန့်ခွက်သားမုန့်ဆိုင်လေး

 စမ်းချောင်းမြို့နယ် ဂွစျေးအနီးမှာဖွင့်လှစ်ထားတဲ့ ထားဝယ်မုန့်ခွက်သားဆိုင်လေးက ထားဝယ်ရိုးရာအတိုင်း မုန့်လုပ်တဲ့မြေအိုးလေးနဲ့ ရောင်းချနေတဲ့မုန့်ဆိုင်လေးပါ။ ထားဝယ်ရိုးရာမုန့်လေးကို ဒေသပုံစံလေးအတိုင်း ရန်ကုန်မှာ ရောင်းချချင်တဲ့ စိတ်ကူးကနေ မုန့်ခွက်သား ဆိုင်လေးဖွင့်လှစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အမေဖြစ်သူက မုန့်ရောင်းရတာကို ဝါသနာပါပြီး ငယ်ငယ်ကတည်းက အခုလိုရိုးရာမုန့်လေးတွေကို လုပ်ရောင်းခဲ့ တာပါ။ ဒါကြောင့် သားအမိနှစ်ယောက်တိုင်ပင်ပြီး ထားဝယ်ရိုးရာမုန့်ဆိုင်လေး ဖွင့်လှစ်ဖြစ်ခဲ့တာပါလို့ မုန့်ခွက်သားဆိုင်ရှင် ကိုသက်လွင်ကပြောပါတယ်။

“ဒီမုန့်မရောင်းခင် အရင်က မနက်ပိုင်း ဘိန်းမုန့်ရောင်းတယ်။ ဘိန်းမုန့်ကမနက်တစ်ပိုင်းရောင်းပြီးရင် အချိန်ပို နေတော့ ကျန်တဲ့အချိန်လေးမှာ တခြားဟာလေးလုပ်မယ်ဆိုပြီး အမေနဲ့တိုင်ပင်ရင်း ဒီမုန့်လေးရောင်းဖြစ်တာပါ။  ဒါလေးကရန်ကုန်မှာ လုပ်ရောင်းတာ သိပ်မတွေ့ဘူး။ ပြီးတော့စမ်းချောင်းထဲကျ ထားဝယ်ဘက် မြိတ်ဘက်က သူတွေလည်း နေတာများတော့ ရိုးရာမုန့်လေးလုပ်ရောင်းတာပါ။”လို့ ကိုသက်လွင်ကပြောပါတယ်။

ရိုးရှင်းပြီးစားကောင်းတဲ့ ဒေသအစားအစာ

မုန့်ခွက်သား မုန့်လေးဟာ ဆန်မုန့်နှစ်ရည်နဲ့အုန်းနို့တို့ကို အဓိကထားပြီးလုပ်တဲ့ ရိုးရှင်းပြီးစားမြိန်တဲ့ ဒေသအစား အစာ မုန့်လေးပါ။ ပါ၀င်ပစ္စည်းတွေရိုးရှင်းပေမယ့် အရသာကောင်းလှတာကြောင့် တစ်ခါစားဖူးရင် နောက်တစ်ခါ ထပ်စားချင်တဲ့အထိဖြစ်ရပါတယ်။ မြေအိုးလေးထဲကို မုန့်နှစ်ရည်ထည့် အပေါ်ကနေ အုန်းနို့ရည်လေးထည့်ပြီး အိုးဖုံးလေးတွေ ပိတ်လိုက် ဖွင့်လိုက်နဲ့ မုန့်လုပ်နေတာဟာ အမြင်လွယ်သလို ထင်ရပေမယ့် ပါ၀င်ပစ္စည်းတွေကို သေချာရွေးချယ်ရပြီး မုန့်လုပ်ချိန်မှာလည်း ဂရုတစိုက်လုပ်မှသာ အရသာကောင်းမွန်တဲ့ မုန့်လေးကိုရရှိတာ ဖြစ်ပါတယ်။

“မုန့်လုပ်ဖို့အတွက် မုန့်ကြိတ်တာ၊အုန်းနို့ညှစ်တာကိုလည်း အိမ်မှာပဲကိုယ်တိုင်လုပ်တယ်။ မုန့်စလုပ်ကာစက ဆိုင်မှာသွားလုပ်ဖူးတယ်။ ဆိုင်မှာကြိတ်လာတဲ့မုန့်ရည်က မခံဘဲ မုန့်ရည်ချဉ် သွားတာမျိုးဖြစ်တယ်။ အုန်းသီးဆို လည်း နုတဲ့အုန်းသီးပါရင် အုန်းနို့ကမစိမ့်တော့ဘူး။ အဲဒီတော့အရသာက တစ်ခါနဲ့တစ်ခါမတူသလိုဖြစ်မှာစိုးတော့ မော်တာစက်လေးဝယ်ပြီး အိမ်မှာကိုယ်တိုင်ပဲကြိတ်တော့တယ်။ မီးပျက်ရင် လက်ကြိတ်စုံလေးနဲ့ကြိတ်တယ်။ မုန့်လုပ်တဲ့မြေအိုးကို သုတ်တဲ့ဆီဆိုလည်း ရန်ကုန်ပဲဆီသန့်ပဲသုံးတယ်။ကိုယ်စားသလိုလေးပဲလုပ်ပြီး ရောင်းတယ်လို့”ကိုသက်လွင်ရဲ့ အမေက ရှင်းပြပါတယ်။

ဆိုင်ဖွင့်ပြီး တစ်နာရီအတွင်း ရောင်းကုန်တဲ့အထိ ရောင်းအားကောင်းတဲ့မုန့်လေး

မုန်ခွက်သားမုန့်လေးရဲ့စျေးနှုန်းကတော့ (၄)ခု ကို ၅၀၀ကျပ်ဖြစ်ပါတယ်။ဒီလိုစေတနာထားပြီး စျေးတန်တန် လေးနဲ့ရောင်းတဲ့အတွက် ဆိုင်ဖွင့်တာ ၃လဝန်းကျင်သာ ရှိသေးပေမယ့် မုန့်ခွက်သားဆိုင်လေးဟာ စားသုံးသူတွေရဲ့  အားပေးမှုကို အခိုင်အမာရရှိတဲ့ဆိုင်လေးဖြစ်လာပါတယ်။ စမ်းချောင်းမြို့နယ် အတွင်းသာမက ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊ အရှေ့ဒဂုံ အပြင် တခြားမြို့နယ်တွေက စားသုံးသူတွေကလည်း ဖုန်းဆက်ပြီး မှာယူကြတာပါ။ဆိုင်စဖွင့်ပြီး တစ်နာရီ လောက်အတွင်းမှာကိုပဲ ဖုန်းဆက်မှာယူတဲ့အော်ဒါတွေ များပြားတာကြောင့် နာရီပိုင်း အတွင်းမှာပဲ ရောင်းလို့ကုန်သွားတဲ့အထိ ရောင်းအားကောင်းတဲ့ မုန့်ဆိုင်လေးဖြစ်ပါ တယ်။

“အခုကပုံမှန်ဆန်တစ်ပြည်ခွဲလုပ်တယ်။ရောင်းအားအနေနဲ့ တစ်နေ့ကို(၇)သောင်းဖိုးလောက် ရောင်းရတယ်။ မုန့်ကုန်သွားလို့ မရောင်းရဘဲ လွတ်သွားတာက တစ်နေ့ကို (၂)သောင်းဖိုးလော က်ရှိတယ်။ ဆိုင်ဖွင့်ပြီဆိုတာနဲ့ ဖုန်းနဲ့ အော်ဒါလှမ်းမှာကြတာ  ဘယ်ချိန်လာယူမယ်ဆိုပြီး အဲ့ဒီလိုမှာတာတွေက အရမ်းများတော့ လာဝယ်တဲ့သူတွေကို မုန့်မရတော့ဘူးဆိုပြီး ပြောရတာတွေ ရှိတော့ အားနာရတယ်။ တိုးလုပ်ဖို့ကျတော့ လူခွဲမရှိသေးတော့ မလုပ်ဖြစ်သေးဘူးလို့” ကိုသက်လွင်က ပြောပါတယ်။

မုန့်ခွက်သားဆိုင်လေးရဲ့တည်နေရာ

မုန့်ခွက်သားဆိုင်လေးကိုတော့ စမ်းချောင်းမြို့နယ်  ဂွစျေးနဲ့မျက်နှာချင်းဆိုင်လမ်းမဘက်မှာ လှည်းလေးနဲ့ ရောင်းချတာပါ။ ညနေ (၄) နာရီဆို ဆိုင်စဖွင့်ပါပြီ။  ဆိုင်မလာဖြစ်တဲ့ စားသုံးသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉၇၉၅၉၄၈၀၄၆ ကိုဆက်သွယ်ပြီး အော်ဒါ မှာယူနိုင်ကြောင်း ထားဝယ်ရိုးရာမုန့်ခွက်သားကို မြည်းစမ်းချင်တဲ့ Duwun ပရိသတ်တွေအတွက် ညွှန်းပေးလိုက်ပါတယ်နော်။





Share

Loading Next Article...
က္က