ဆီဂန်ဒါကလပ် ရီးရဲလ်အိုဗီဒိုအသင်းက ကစားသမားတွေဟာ သူတို့ အသင်း လာလီဂါကို တန်းတက်ဖို့အတွက် ပလေးအော့ဖ်ဖိုင်နယ်အဆင့်ကို ကစားခွင့်ရပြီလို့ ထင်မှတ်ပြီး အသည်းအသန်အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့ထင်ထားသလို မဟုတ်ခဲ့ဘဲ လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။
ရီးရဲလ်အိုဗီဒိုတို့ရဲ့ လာလီဂါအိပ်မက်အတွက် ဟီရိုနာ ဒါမှမဟုတ် လက်စ်ပါးမတ်စ် နှစ်သင်းထဲက တသင်းရှုံးနိမ့်ဖို့လိုအပ်ပြီး အိုဗီဒိုကိုယ်တိုင်လည်း အနိုင်ရရှိဖို့ လိုအပ်ခဲ့ပါတယ်။ အိုဗီဒိုဟာ သူတို့ ကစားခဲ့ရတဲ့ပွဲအတွက် ပွဲကစားချိန် (၉၅) မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဝင်အောင်ကန်သွင်းပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
လက်စ်ပါးမားစ်ကတော့ စပို့တင်းဂီဂျွန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဟီရိုနာကလည်း ဘာဂိုစ်နဲ့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နှစ်သင်းထဲက တသင်းရှုံးဖို့ လိုအပ်ခဲ့တဲ့ အိုဗီဒိုအတွက် ဟီရိုနာနဲ့ ဘာဂိုစ်ပွဲမှာ ဘာဂိုစ်က နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းလိုက်တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီသတင်းတွေက မမှန်ကန်ခဲ့ဘဲ အိုဗီဒိုတို့ အောင်ပွဲခံခဲ့ပြီးမှ ကံဆိုးမှန်းသိခဲ့ရပါတယ်။ အိုဗီဒိုရဲ့ အလားတူဖြစ်ရပ်မျိုး ပရီးမီးယားလိဂ်ရာသီသိမ်းနောက်ဆုံးပွဲဖြစ်တဲ့ လီဗာပူးနဲ့ဝုလ်ဗ်ပွဲမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ လီဗာပူးက ဝုလ်ဗ်ကို အနိုင်ရရှိထားပြီး တချိန်တည်းကစားနေတဲ့ပွဲမှာလည်း မန်စီးတီးက ဗီလာကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိနေတာပါ။
အဲ့ဒီအချိန်မှာပဲ ဗီလာအတွက် သုံးဂိုးစီဖြစ်စေမယ့်ချေပဂိုးကို သွင်းလိုက်တယ်လို့ လီဗာပူးပရိသတ်တွေထံ သတင်းမှား ရောက်ရှိလာခဲ့ပြီး လီဗာပူးပရိသတ်တွေ အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီပွဲမှာပဲ ဆာလာက လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းချိန်မှာလည်း မန်စီးတီးရှုံးနေပြီအထင်နဲ့ အားရပါးရ အောင်ပွဲခံခဲ့တာကြောင့် ပရိသတ်တွေက မန်စီးတီး အနိုင်ရနေတဲ့အကြောင်း ဆာလာကို အသိပေးခဲ့ရပါသေးတယ်။