အာဆင်နယ်ကတော့ ဒီပွဲမှာ ပုံမှန်လူစာရင်းအတိုင်းပဲ တောင့်တောင့်တင်းတင်းနဲ့ ဆောက်သမ်တန်ကွင်းမှာ လာရောက်ရင်ဆိုင်ခဲ့ပါတယ်။ ဆာကာလည်း ပါဝင်နိုင်ခဲ့သလို နောက်တန်းမှာလည်း လူစုံတက်စုံရှိခဲ့ပါတယ်။ ဆောက်သမ်တန်ကလည်း အမ်းစထရောင်း၊ ဝက်ဒ်ပရော့စ်၊ အာရီဘို၊ ဒီယာလိုတို့နဲ့အတူ သူတို့ရဲ့ ပုံမှန်လူစာရင်းကို ပွဲထုတ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန်ဘက်က ချီအဒမ်စ်၊ ဝဲလ်ကော့တို့ လူစားဝင်ကစားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ အဖွင့်ဂိုးကို စောစောစီးစီး ရရှိခဲ့ပါတယ်။ ဘန်ဝှိုက်ခင်းပေးလိုက်တဲ့ ဘောလုံးကို ချာကာက အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးရရှိခဲ့တာပါ။ ချာကာအတွက်တော့ ဒီရာသီ သုံးဂိုးမြောက် လိဂ်သွင်းဂိုးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နောက်ဆုံး (၃) ရာသီမှာ သွင်းယူခဲ့တဲ့ လိဂ်သွင်းဂိုးအရေအတွက်နဲ့ တူညီသွားတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ် ကစားပုံက သာမန်အဆင့်သာရှိခဲ့ပြီး ပြိုင်ဘက်ကို အပြတ်ဖြတ်ရမယ့်အချိန်မှာ မဖြတ်ခဲ့ပါဘူး။ တိုက်စစ်က အရင်ပွဲတွေလောက် ထက်မြက်မှုမရှိခဲ့ဘဲ ပွဲကို ထိန်းကစားရုံ ထိန်းကစားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဒီအတွက် ပြန်လည်ပေးဆပ်ခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဆောက်သမ်တန်ကလည်း ပထမပိုင်းတည်းက အမြင့်ဘောတွေကို အသုံးပြုပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ အယ်လ်ယွန်နက်ဆီရဲ့ ဖန်တီးပေးမှုကတဆင့် အမ်းစထရောင်းက အမှားအယွင်းမရှိ အဆုံးသတ်ပြီး ဆောက်သမ်တန်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်တို့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ကစားပုံနဲ့ အခွင့်အရေး ဖန်တီးနိုင်မှုအပိုင်းက သိသိသာသာ မတက်လာခဲ့ပါဘူး။ အိုဒီဂတ် တဂိုးသွင်းခဲ့ပေမယ့် တီယာနေး ဖန်တီးပေးချိန်မှာ ဘောလုံးက ဂိုးစည်းကျော်နေခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အာဆင်နယ်တို့ အဝေးကွင်းမှာ တဂိုးစီသရေနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာရော၊ ပြိုင်ပွဲစုံမှာပါ ဒုတိယမြောက် နိုင်ပွဲ ပျောက်ဆုံးမှုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်တို့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး လက်ရှိ အနီးစပ်ဆုံးပြိုင်ဘက် မန်စီးတီးထက် နှစ်မှတ်အသာရရှိထားဆဲဖြစ်ပါတယ်။