ယူနိုက်တက်နဲ့အာဆင်နယ်နောက်ခံလူဟောင်း ဆီဗက်စတြာက ရာသီသစ်အတွက် ရော်နယ်ဒိုနဲ့ဟာလန်းတို့အရေးကို သုံးသပ်တဲ့နေရာမှာ ခွေးအို၊ ခွေးပေါက်စအဖြစ် နှစ်ယောက်သားကို ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ ဟာလန်းနဲ့ရော်နယ်ဒိုတို့ဟာ မန်ချက်စတာမြို့ခံပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးကိုလည်း ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတယောက်ပဲဖြစ်တဲ့ ဒါဝင်နူနက်ဇ် ရောက်ရှိလာတာကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဟာလန်းနဲ့ နူနက်ဇ်တို့ ဂိုးပြိုင်သွင်းမလား၊ ပရီးမီးယားလိဂ်မှာ ရှိနှင့်ပြီးသား ရော်နယ်ဒို၊ ဆာလာ၊ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်းတို့ကို ကျော်နိုင်မလားဆိုတာလည်း အငြင်းအခုန်ပြုလုပ်နေကြပါတယ်။

ဒီအချိန်မှာပဲ ဆီဗက်စတြာက “ဟာလန်းက ရွှေဖိနပ်ဆုကိုရဖို့လား? ကျနော်ကတော့ ရော်နယ်ဒိုပဲ ဒီဆုကိုရသွားမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်က ပုံစံပျက်နေတာတောင် ရော်နယ်ဒိုက ရွှေဖိနပ်ဆုနဲ့ အဝေးကြီးမှာ မရှိခဲ့ပါဘူး။ ယူနိုက်တက်သာ လာမယ့်ရာသီမှာ ပုံစံကောင်းပြနေရင် ရော်နယ်ဒိုက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို မရစရာ ဘာအကြောင်းရှိမှာလဲ”
“ခွေးအိုကြီးတကောင်မှာလည်း လုပ်ပြနိုင်စွမ်းရှိသေးတယ်ဆိုတဲ့အကြောင်း ခွေးပေါက်စငယ်လေးကို သင်ပေးလိုက်ပါဦး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဆာလာနဲ့ဟယ်ရီကိန်းတို့ရဲ့ ရွှေဖိနပ်ဆု မျှော်လင့်ချက်အတွက်လည်း ဆီဗက်စတြာက အခုလိုပဲ ပြောပါတယ်။ ဆီဗက်စတြာက “ဟယ်ရီကိန်းနဲ့ဆာလာလား?”
“ကျနော်တို့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေရှိနေတာကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူပဲရရ၊ ရွှေဖိနပ်ဆုနဲ့ ထိုက်တန်ပြီးသားပါ” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာတော့ ဆာလာနဲ့ဆွန်ဟောင်မင်တို့ သွင်းဂိုး (၂၃) ဂိုးစီ သွင်းယူပြီး ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့ပါတယ်။