ကင်မရွန်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဆီနီဂေါက ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ဆီနီဂေါအတွက် ဒါက သမိုင်းတလျှောက် ပထမဆုံးအာဖရိကဖလားလည်း ဖြစ်ခဲ့ပါတယ်။
ဆီနီဂေါသမ္မတကိုယ်တိုင်က လက်ရွေးစင်အသင်းရဲ့ အောင်ပွဲအတွက် ပြီးခဲ့တဲ့ တနင်္လာ (ဖေဖော်ဝါရီ-၇) ကို တနိုင်ငံလုံးအတွက် အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဆီနီဂေါပြည်သူတရပ်လုံးကလည်း လမ်းပေါ်ထွက်အောင်ပွဲခံခဲ့ကြပါတယ်။ ဆီနီဂေါပြည်သူတွေဟာ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အသင်းကိုလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
ဆီနီဂေါရဲ့ အောင်ပွဲခံအခမ်းအနားကို ဆီနီဂေါသမ္မတ မက်ကီဆောကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဒီအောင်ပွဲခံအခမ်းအနားမှာ မာနေးက ထူးထူးဆန်းဆန်း အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံခဲ့ပါတယ်။
ဆီနီဂေါသမ္မတက မာနေးကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးခဲ့ပေမယ့် အသက် (၂၉) နှစ်အရွယ် အဆိုပါကစားသမားကတော့ လူပေါင်းများစွာ ကြည့်ရှုနေချိန်မှာ သမ္မတကမ်းပေးတဲ့လက်ကို မသိကျိုးကျွံပြုကာ ပရိသတ်တွေနဲ့ ပြန်လည်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
မာနေးရဲ့ ဒီလိုမျိုးလုပ်ရပ်က လီဗာပူးအသင်းဖော် ဘရာဇီးသား ဖေမီနိုရဲ့ အောင်ပွဲခံဟန်ပုံစံကို အတုယူခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ မာနေးနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တယောက်က “ဒီအောင်ပွဲခံအခမ်းအနားရဲ့ အကောင်းဆုံးအပိုင်းက မာနေးတယောက် သမ္မတနဲ့လက်ဆွဲမနှုတ်ဆက်ဘဲ ဖေမီနိုရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံခဲ့တာပါ” လို့ ရေးသားမှတ်ချက်ပြုခဲ့ပါတယ်။
အခြားသော ပရိသတ်တွေကလည်း သမ္မတနဲ့တောင် လက်ဆွဲမနှုတ်ဆက်တဲ့ မာနေးရဲ့အောင်ပွဲခံဟန်ကို သဘောကျနှစ်ခြိုက်နေကြပါတယ်။ မာနေးဟာ အရင်ကလည်း ဖေမီနိုရဲ့ ဂိုးသွင်းပြီးအောင်ပွဲခံဟန်အတိုင်း လိုက်ပါပြုလုပ်ခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းကလည်း နှစ်ယောက်ကြား အပြန်အလှန်နောက်ပြောင် ငြင်းခုံမှုတွေနဲ့ ပရိသတ်တွေအတွက် သဘောကျစရာတွေ ဖန်တီးပေးခဲ့ပါသေးတယ်။