မထွေးလေးသဲကုန်းထမင်းသုပ်ဆိုင်လေးကတော့ သဲကုန်းမြို့ရဲ့နာမည်ကြီးထမင်းသုပ်ဆိုင်လေးပါ။ ဆိုင်ရှင်မထွေးလေးကိုယ်တိုင်ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာ ထမင်းသုပ်ဆိုင်လေးလာရောက်ဖွင့်လှစ် ရောင်းချတာကြောင့် သဲကုန်းလက်ရာစစ်စစ်ထမင်းသုပ်နဲ့အသုပ်စုံကို ရန်ကုန်မှာပဲမြည်းစမ်းကြည့်နိုင်တော့ မှာဖြစ်ပါတယ်။

နှစ် (၇၀) တိုင်တိုင် လက်ဆင့်ကမ်းလုပ်ကိုင်နေဆဲ သဲကုန်းမြို့ရဲ့နာမည်ကြီးထမင်းသုပ်
မြို့နာမည်လေးတွေနဲ့တွဲပြီးနာမည်ကျော်တဲ့ ထမင်းသုပ်လေးတွေထဲကမှ သဲကုန်းထမင်းသုပ်ကလည်း လူကြိုက်များနာမည်ကြီးတဲ့ဒေသအစားစာလေးပါ။ သဲကုန်းထမင်းသုပ်လို့ဆိုလိုက်တာနဲ့ နှစ်ပေါင်း(၇၀)နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ အဖွားဒေါ်ရင်ရဲ့ လက်ရာထမင်းသုပ်ဆိုင်လေးကတော့ သဲကုန်းသူသဲကုန်းသားတွေသာမက အခြားဒေသကသူတွေပါ ကြိုက်နှစ်သက်ကြတဲ့အထိ သဲကုန်းရဲ့နာမည်ကြီးထမင်းသုပ်ဆိုင်လေးပါ။ အဖွားဒေါ်ရင် မရှိတော့တဲ့နောက်ပိုင်းမှာလည်း အဖွားဒေါ်ရင်ရဲ့ သမီးတွေက အဖွားဒေါ်ရင်ရဲ့အမွေထမင်းသုပ်နဲ့ အသုပ်စုံ လုပ်ငန်းလေးကို လက်ဆင့်ကမ်းဆက်လက်လုပ်ကိုင်နေကြတာပါ။ ဒီထဲကမှ အထွေးဆုံးသမီး မထွေးလေး ကတော့ ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာ သဲကုန်းထမင်းသုပ်ဆိုင်လေးလာရောက်ဖွင့်လှစ်ရောင်းချတာ ဖြစ်ပါတယ်။မိခင်ဖြစ်သူအဖွားဒေါ်ရင်ရှိစဥ်ထဲက သင်ကြားပေးခဲ့တဲ့အတိုင်း ပညာအမွေအပြည့်ရခဲ့တာကြောင့် မထွေးလေးရဲ့ထမင်းသုပ်လက်ရာကလည်း အဖွားဒေါ်ရင်လက်ရာအတိုင်း အနံ့အရသာပြည့်စုံကောင်းမွန်လှ ပါတယ်။
“အဒေါ်တို့အမေက အသက်၂၀ကျော်ကတည်းက ထမင်းသုပ်နဲ့အသုပ်စုံရောင်းခဲ့တာ အသက်၉၂နှစ်အထိပဲ။ ဒီအသုပ်ဆိုင် လုပ်ငန်းလေးနဲ့ပဲ သမီး၅ယောက်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တာ။အမေဆီကဒီလုပ်ငန်းအမွေက သမီးတွေကနေမြေးတွေအထိ အဒေါ်တို့သဲကုန်းမြို့မှာ လက်ဆင့်ကမ်းလုပ်ကိုင်နေကြတုန်းပဲ။ အမေရှိတုန်းကအမေနဲ့အတူတူရောင်းခဲ့တယ်။ အမေမရှိတော့တဲ့နောက်ပိုင်းမှာလည်း သဲကုန်းမှာပဲထမင်းသုပ်၊ အသုပ်စုံရောင်းတယ်။ ရန်ကုန်မှာ ထမင်းသုပ်ဆိုင်လေးဖွင့်ဖြစ်တာကတော့ ရန်ကုန်ကိုစီးပွားရေးလေး လုပ်ဖို့တတ်လာရင်းနဲ့ ကိုယ်ကျွမ်းကျင်တဲ့ မိဘအမွေဒီလုပ်ငန်းလေးကို လုပ်ဖြစ်သွားတာပါ။ ရန်ကုန်မှာရောက်နေတဲ့ သဲကုန်းမြို့ခံတွေရဲ့အားပေးမှု၊ ကူညီမှုတွေကြောင့်ပဲ ဒီဆိုင်လေး အဆင်ပြေပြေနဲ့ ဖွင့်နိုင်ခဲ့တာပါ”လို့ အဖွားဒေါ်ရင်ရဲ့ မျိုးဆက်ဖြစ်သူ မထွေးလေးသဲကုန်းထမင်းသုပ်၊အသုပ်စုံဆိုင်ရှင် မထွေးလေးကပြောပါတယ်။
နှစ်(၇၀)တိုင်တိုင်မပြောင်းလဲတဲ့လက်ရာရဲ့ လျှို့ဝှက်ချက်ကတော့
သဲကုန်းထမင်းသုပ်လို့ဆိုလိုက်တာနဲ့ တို့ဖူး၊ခေါက်ဆွဲ၊ပဲကြာဇံ၊သင်္ဘောသီးတို့အချိုးကျပါ၀င်ပြီး ကြက်သွန်အဖြူ၊ အနီကြော်၊မုန့်ကြွပ်အနီကြော်၊ဆီနီ၊ဆီဝါ၊ပုဇွန်ခြောက်မှုန့်၊ပဲမှုန့်လေးနဲ့စီးစီလေးသုပ်ထားတဲ့ ထမင်းသုပ်စိမ့်စိမ့် လေးကိုသဲကုန်းပဲတီချဥ်၊ငပိရည်ကိုနာနာကြိုပြီး ချက်ထားတဲ့ဟင်းခါးပူပူလေးတို့နဲ့အတူ တွဲဖက်စားသုံးရတာပါ။ ထမင်းသုပ်အပြင် အသုပ်စုံကိုလည်း ထမင်းဖြူ၊ဟင်းခါးပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ဒီလိုစားကောင်း လှတဲ့ထမင်းသုပ်နဲ့အသုပ်စုံတစ်ပွဲဖြစ်ဖို့အတွက် ပါ၀င်ပစ္စည်းတိုင်းကို စနစ်တကျနဲ့ အချိန်ပေးပြီး ပြင်ဆင်ရတာ ဖြစ်ပါတယ်။အသင့်သုံးကြက်သွန်ကြော်တွေကိုမသုံးပဲနေ့စဥ်ကြက်သွန်ဆီချက်ပြုလုပ်ရသလို တို့ဖူးကိုလည်း အသင့်ဝယ်မသုံးပဲ နေ့စဥ်ကြိုချက်ရတဲ့အတွက် အချိန်ပေးရပြီးပင်ပန်းပေမယ့် အသုပ်အရသာကိုကောင်းမွန် စေတာကြောင့် အမေဒေါ်ရင်လက်ရာအတိုင်း သမီးတွေကထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။
“အဒေါ်တို့အမေကကိုယ့်အလုပ်ကိုယ်တန်ဖိုးထားလေးစားဖို့၊စားသုံးသူတွေအပေါ်မှာစေတနာထားဖို့ အမြဲဆုံးမတယ်။အသုပ်အရသာမပြောင်းလဲဖို့ အမြဲစားကောင်းဖို့ အမေရှိထဲကနေအခုထိ ပါ၀င်ပစ္စည်းတွေကို သေချာလေးဂရုစိုက်တယ်။ဆီချက်တို့၊တို့ဖူးတို့ဆိုလည်းတနေ့တခါလုပ်တယ်။ဆီချက်အတွက် ကြက်သွန် ရွေးတာကအစ အမျိုးစားတစ်မျိုးထဲအလုံးညီညီနဲ့သေချာရွေးတယ်။ ကြက်သွန်ကြော်တဲ့နေရာမှာ အကျက်ညီမှစားကောင်းတာ အဲ့လိုအကျက်ညီဖို့ကလည်း လှီးတဲ့အချိန်မှာထဲက ဂရုစိုက်ရတယ်။ပြီးတော့ ငံပြာရည်ဆိုလည်း စျေးကနေချိုချိုမွှေးမွှေးကိုဝယ်ပြီး အိမ်မှာသေချာပြန်ကြိုတယ်။တို့ဖူးဆိုလည်း ပဲမှုန့်ကိုရေဖျော်ပြီးပိတ်စိမ်းပါးနဲ့အနည်းဆုံး၆နာရီလောက်စစ်ထားပြီးတော့မှ နာနာလေးပြန်ကြိုထားတာ။ အဲ့ဒါ့ကြောင့်လည်းအသုပ်လေးတွေကစားလိုက်တဲ့အချိန်မှာစီးစီးမွှေးမွှေးလေးနဲ့စားလို့ကောင်းတာ။အချိန်ပေးရလို့၊ပင်ပန်းလို့လျော့လုပ်လိုက်မယ်ဆိုတာမျိုးရှိဘူး စားသုံးသူတွေစားကောင်းဖို့ပဲ စေတနာအပြည့်ထားတယ်”လို့ မထွေးလေးကပြောပါတယ်။
ရိုးရာမပျက်အင်ဖက်လေးနဲ့ထမင်းသုပ်
အသုပ်ထဲမှာပါ၀င်တဲ့ အဓိကပါ၀င်ပစ္စည်းအားလုံးကိုသဲကုန်းကနေသာမှာယူအသုံးပြုသလို ထုပ်ပိုးမှုမှာလည်း သဲကုန်းထမင်းသုပ်ရဲ့ရိုးရာအတိုင်းအင်ဖက်လေးတွေကိုသာအသုံးပြုတာဖြစ်ပါတယ်။အင်ဖက်ထက်ကြွပ်ကြွပ် အိတ်ကစျေးသက်သာပြီး အလွယ်တကူဝယ်ယူသုံးစွဲလို့ရပေမယ့် စားသုံးသူတွေကို အင်ဖက်နံ့မွှေးမွှေးလေးနဲ့ ထုပ်ပိုထားတဲ့အသုပ်အရသာကိုစားစေချင်တာကြောင့် သဲကုန်းကနေသာစရိတ်အကုန်အကျခံပြီး အင်ဖက်မှာယူသုံးစွဲတယ်လို့မထွေးလေးကပြောပါတယ်။
ဆိုင်ဖွင့်ချိန်(၃)နာရီအတွင်းလက်မလည်အောင်ရောင်းရတဲ့ဆိုင်လေး
ဒီလိုတစ်ခါစားဖူးရင်မမေ့နိုင်တဲ့ သဲကုန်းထမင်းသုပ်လက်ရာကို သတိတရနဲ့လာစားကြတဲ့ ရန်ကုန်ရောက်သဲကုန်း ဒေသခံတွေ၊သဲကုန်းမြို့မှာတာဝန်ထမ်းဆောင်ဖူးသူတွေ၊အလည်အပတ်ရောက်ဖူးသူတွေရဲ့ အားပေးမှုနဲ့ မထွေးလေးထမင်းသုပ်ဆိုင်လေးဟာ ဆိုင်ဖွင့်ချိန်၃နာရီဝန်းကျင်မှာ လူပြတ်သွားတယ်လို့မရှိပဲ လက်မလည် အောင်ရောင်းချရတာကိုလည်းမြင်တွေ့ရပါတယ်။ဆိုင်ဖွင့်တာနှစ်ပတ်ဝန်းကျင်သာရှိသေးပေမယ့်လည်း လက်ဆင့်ကမ်းညွှန်းဆိုမှုတွေနဲ့ ရန်ကုန်ဒေသခံတွေကပါကြိုက်နှစ်သက်တဲ့ ထမင်းသုပ်ဆိုင်လေးဖြစ်လာပါတယ်။ ပထမဆုံးဆိုင်စဖွင့်တဲ့နေ့က ပွဲရေ(၇၀)ရောင်းချခဲ့ရပြီး လက်ရှိမှာတော့ တစ်ရက်ကိုပွဲရေ(၃၀၀)ကျော် ရောင်းချရတဲ့အထိ အချိန်တိုအတွင်း ရန်ကုန်ဒေသခံတွေရဲ့ အာပေးမှုကိုရရှိတဲ့ဆိုင်လေးဖြစ်လာပါတယ်။
သဲကုန်းဒေသခံတွေအလွမ်းပြေလာစားကြရတဲ့ဆိုင်လေး
ထမင်းသုပ်လာစာရင်း မတွေ့တာကြာတဲ့သဲကုန်းဒေသခံတွေအချင်းချင်း လက်ဆုံစကားပြောကြတဲ့ မြင်ကွင်းက လည်း ဒေသခံတွေအတွက်ဇာတိမြေကို အလွမ်းပြေစေမှာပါ။စမ်းချောင်းအနီးတဝိုက်ကသဲကုန်းဒေသခံ တွေသာမက စမ်းချောင်းနဲ့ေဝးတဲ့တခြားမြို့နယ်တွေဖြစ်တဲ့ သန်လျင်၊သင်္ဃန်းကျွန်း၊သုဝဏ၊တောင်ဥက္ကလာ၊ သာကေတ၊လှိုင်သာယာ၊အရှေ့ဒဂုံ၊မြောက်ဒဂုံ၊တောင်ဒဂုံမြို့နယ်တွေမှာနေထိုင်သူတွေကပါ သတိတရလာရောက် စားသုံးကြတာကိုတွေ့ရပါတယ်။
သဲကုန်းထမင်းသုပ်ရဲ့ထူးခြားချက်နဲ့ဆိုင်လိပ်စာလေးကတော့
သဲကုန်းထမင်းသုပ်ရဲ့ထူးခြားချက်တစ်ခုကတော့ ထုတ်ပိုးထားတဲ့အတိုင်း တနေကုန်အထားခံပြီး စားသုံးချိန်မှာ အရသာမပြောင်းလဲသလို ဟင်းမပါ၀င်ပဲနဲ့ကိုစားကောင်းလှတာကြောင့် မနက်၊နေ့လည်၊ည အချိန်မရွေးစားလို့ အဆင်ပြေပြီး ေငွကြေးကုန်ကျမှုသက်သက်သာသာနဲ့ အဟာရပြည့်၀စေတဲ့ ဒေသအစားစာလေးပါ။ ဒီလိုလက်ရာကောင်းလှတဲ့ဒေသစာလေးကိုမြည်းစမ်းချင်သူတွေအတွက်ဆိုင်လိပ်စာလေးကတော့ စမ်းချောင်းမြို့နယ်၊ဗဟိုလမ်းမ၊ဂွစျေးအနီး၊ ဇလွန်လမ်းနှင့် သံတံတားလမ်းထိပ်နားမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်၆နာရီကနေ၉နာရီအထိဖြစ်ပြီး စျေးနှုန်းလေးတွေကတော့ ထမင်းသုပ်တစ်ပွဲ(၁၅၀၀)ကျပ်၊အသုပ်စုံတစ်ပွဲ(၁၀၀၀)ကျပ်ဖြစ်ပါတယ်။