ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား ဝီလီယံဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမယ့်ကိစ္စကို သဘောတူညီဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း UOL က ဖော်ပြခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင် ဝီလီယံဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပီအက်စ်ဂျီအသင်းရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ပီအက်စ်ဂျီအသင်းက ဒဏ်ရာရရှိနေတဲ့နေမာရဲ့နေရာမှာ ဝီလီယံကို ယာယီအစားထိုးဖို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်သေချာအောင် ကြိုးပမ်းနေပြီး ဝီလီယံဟာ ဆာရီရဲ့အသင်းလူစာရင်းအတွက် အရေးကြီးတဲ့ကစားသမားအဖြစ် ရှုမြင်ခံနေရတာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ဆာရီရဲ့လက်အောက်မှာ ၂၃ ပွဲအထိ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။
ဘရာဇီးလ်ဝက်ဘ်ဆိုက် UOL ရဲ့ဖော်ပြချက်အရ ချယ်ဆီးအသင်းဟာ ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဝီလီယံကို တစ်နှစ်သက်တမ်းတိုး စာချုပ်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဝီလီယံက ချယ်ဆီးအသင်းဆီကနေ ၃ နှစ်စာချုပ်သစ် ကမ်းလှမ်းစေလိုပေမယ့် ချယ်ဆီးအသင်းရဲ့ အသက် ၃၀ အထက် စည်းမျဉ်းအရ တစ်နှစ်သက်တမ်းတိုးစာချုပ်သာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဝီလီယံဟာ တကယ်လို့ ချယ်ဆီးအသင်းဆီကနေ စိတ်ကျေနပ်လောက်စရာ ကမ်းလှမ်းမှုမျိုးမရရှိခဲ့ပါက ဘာစီလိုနာ သို့မဟုတ် ပီအက်စ်ဂျီအသင်းတို့ထံကနေ မက်မောလောက်စရာ ကမ်းလှမ်းမှုမျိုး လက်ခံရရှိလိမ့်မယ်လို့ ယုံကြည်နေပြီး အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်နီးပါးဖြစ်နေပြီလို့ သိရပါတယ်။