ဂျုံသားအိအိလေးနဲ့ ထောပတ်နံ့သင်းနေတဲ့ပလာတာအရသာကောင်းကောင်းကိုမှ စားချင်သူတွေအတွက် ပလာတာအမျိုးအစား အစုံလင်ရတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဦးပလာတာဆိုင်လေးဖြစ်လာဖို့ ရုန်းကန်သင်ယူခဲ့ရတာတွေက
ပလာတာအကြော်ဆရာသက်တမ်း၂၅နှစ်နီးပါးရှိတဲ့ ကျိုက္ကဆံရပ်ကွက်မှာဖွင့်ထားတဲ့ပလာတာဆိုင်လေးပါ။ လက်ဖက်ရည်ဆိုင်ဝန်ထမ်းဘဝကနေ မုန့်ဆရာဖြစ်ဖို့ ကြိုးစားသင်ယူခဲ့တဲ့ကိုညို၀င်းဟာ လက်ရှိမှာတော့ အရသာကောင်းလှတဲ့ပလာတာဆိုင်လေးဖွင့်လှစ်ရောင်းချနေပါတယ်။ပုဂံဇာတိဖြစ်တဲ့ကိုညို၀င်းဟာ အသက်(၁၀)နှစ်ကျော်အရွယ်ကတည်းက ရန်ကုန်ကိုရောက်လာပြီး လက်ဖက်ရည်ဆိုင်ဝန်ထမ်းအဖြစ်နဲ့ ဘဝကိုရုန်းကန်ခဲ့ရသူပါ။ဒီလိုရုန်းကန်မှုတွေကြားကနေ ရန်ကုန်မြို့မှာ ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကြောင်းပညာတစ်ခု တတ်မြောက်လိုတဲ့စိတ်ခွန်အားနဲ့ လက်ဖက်ရည်ဆိုင်သုံးမုန့်ပညာကို ကြိုးစားသင်ယူခဲ့သူပါ။
"အသက်၁၃နှစ်လောက်ထဲက ရန်ကုန်ကိုရောက်လာပြီး လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ခဲ့တာ။အတန်းပညာလည်းအများကြီးမသင်ခဲ့ရတော့ အသက်မွေးဝမ်းကြောင်းအတွက် ပညာတစ်ခုရအောင်ဆိုပြီး လက်ဖက်ရည်ဆိုင်မှာဝင်လုပ်ခဲ့တာ။စားပွဲထိုးဘဝကနေ မုန့်ဆရာတွေဆီမှာ ဒီပညာရဖို့ သုံးနှစ်သုံးမိုးသင်ခဲ့ရတယ်။တစ်ခါတလေ မုန့်ဆရာက ဂျူံနယ်တဲ့အချိန်တွေဆို သူကအောက်မှာမုန့်နယ်နေရင် အပေါ်ထပ် ထပ်ခိုးကနေ အပေါက်လေးဖောက်ထားပြီး ချောင်းကြည့်ခဲ့ရတယ်။"လို့ ကိုညိုဝင်းကပြောပါတယ်။
စားသုံးသူတွေက ပေးတဲ့နာမည်
ဒီလိုကြိုးစားအားထုတ်မှုတွေကပဲ ကိုညို၀င်းကို ဦးပလာတာဆိုတဲ့ နာမည်တလုံးဖြစ်လာစေခဲ့ပါတယ်။ ဂျူံသားအိအိလေးနဲ့ ပလာတာအနံ့မွှေးမွှေးလေးက တခါစားဖူးရင်နောက်တခါလည်း ဒီဆိုင်ကပလာတာမှဆိုတဲ့ စိတ်ခံစားမှုမျိုးကိုဖြစ်ပေါ်စေတဲ့လက်ရာရှင်ပါ။လှည်လေးနဲ့ရောင်းတဲ့ပလာတာဆိုင်လေးဖြစ်ပေမယ့်လည်းသမားရိုးကြပလာတာအရသာတွေအပြင် ဆိုင်ကြီးတွေမှာရနိုင်တဲ့ ပလာတာအရသာအမျိုးစားအစုံကိုလည်း ဒီဆိုင်လေးမှာရနိုင်ပါတယ်။ ဒီလိုစားသုံးသူ စိတ်ကြိုက်မုန့်အရသာအသစ်တွေဖန်တီးနိုင်ဖို့ YouTubeကနေလဲ စဥ်ဆက်မပြတ်လေ့လာသင်ယူတယ်လို့ဆိုပါတယ်။
"ကျိုက္ကဆံရပ်ကွက်မှာပဲ ပလာတာကြော်တာဆို နှစ်၂၀လောက်ရှိပြီ ကိုယ်တိုင်လှည်းလေးနဲ့ရောင်းတာကတော့ သုံး၊လေးနှစ်လောက်ရှိပြီ။ဦးပလာတာဆိုတဲ့နာမည်က အရင်ထဲက ကိုယ့်ရဲ့စားသုံးသူတွေက ခေါ်ကြတဲ့နာမည်လေးပါ။ဆိုင်ဖွင့်မယ်ဆိုတော့လဲ ဒီနာမည်လေးကိုပဲပေးလိုက်တယ်။ပလာတာနဲ့ပတ်သက်ရင် ရိုးရိုးသကြားပလာတာကနေ အခုခေတ်စားနေတဲ့ ငှက်ပျောသီးပလာတာလိုမျိုးကအစရတယ်။ပလာတာနဲ့ပတ်သက်ရင် YouTube ကနေလည်းလေ့လာတယ်။ ပြီးရင် ကိုယ်တတ်ကျွမ်းတာလေးနဲ့ပေါင်းစပ်ပြီး စားသုံးသူတွေအကြိုက်ဖြစ်အောင် လုပ်ရောင်းပါတယ်"လို့ ကိုညိုဝင်းက ပြောပါတယ်။
ပလာတာလှည်းလေးကနေ ပလာတာဆိုင်ကြီးဖြစ်ဖို့ ရည်ရွယ်
လက်ရှိမှာတော့ ဒီပလာတာဆိုင်လုပ်ငန်းလေးနဲ့ မိသားစုတွေရန်ကုန်မြို့မှာ အဆင်ပြေပြေရပ်တည် နေပြီး ပလာတာလှည်းလေးကနေ ပလာတာအမျိုးအစားအစုံကိုတနေရာထဲရရှိနိုင်တဲ့ ပလာတာဆိုင် အဖြစ် လုပ်ငန်းချဲ့ထွင်ဖို့စိတ်ကူးနဲ့ဆက်လက်ကြိုးစားနေတယ်လို့လည်း ကိုညိုဝင်းကပြောပါတယ်။
"ပလာတာက မနက်၊ညရောင်းတာ တစ်ရက်ကို ဂျူံဆယ်ပိသာလောက်တော့ကုန်တယ်။တစ်ရက်ကို သုံးသိန်းကျော်ဖိုးလောက်တော့ပုံမှန်ရောင်းရပါတယ်။ဒီလုပ်ငန်းနဲ့ပဲ ရန်ကုန်မှာမိသားစုနဲ့အဆင်ပြေပြေ ရပ်တည်နိုင်တယ်။နယ်မှာရှိတဲ့ မိဘတွေကိုလည်း တတ်နိုင်သလောက် လစဉ်ထောက်ပံ့နိုင်တယ်။နောက်ပိုင်းတော့ ပလာတာသီးသန့်ကို ဆိုင်ခန်းနဲ့ သေချာဖွင့်နိုင်ဖို့ ကြိုးစားနေတယ်။ပလာတာအရသာစုံအမျိုးအစားအစုံကို ဆိုင်ခန်းသေချာရောင်းချင်တယ်"လို့ ကိုညိုဝင်းကဆိုပါတယ်။
ပလာတာအမျိုးအစား၂၀ကျော်ရတဲ့ဆိုင်လေး
ဦးပလာတာမူလလက်ဟောင်းဆိုင်လေးမှာတော့ ရိုးရိုးသကြားပလာတာကနေ အခုခေတ်စားနေတဲ့ ငှက်ပျောသီးကြက်ဥပလာတာ၊ချိစ့်ပလာတာ၊ဆိတ်သားကီးမားပလာတာအပါအဝင် ပလာတာအမျိုးအစား၂၀ကျော်ရရှိနိုင်ပြီး ဈေးနှုန်းလေးတွေက တော့ အနည်းဆုံး(၅၀၀)ကျပ်ကနေ အများဆုံး(၄၅၀၀) ကျပ်ထိဖြစ်ပါတယ်။
ဦးပလာတာဆိုင်လေးရဲ့တည်နေရာ
ဆိုင်လိပ်စာလေးကတော့ ကျိုက်က္ကဆံရပ်ကွက်၊မြလမ်းနဲ့ငမောက်လမ်းထောင့်မှာပါ ဆိုင်ဖွင့်ချိန်ကတော့ မနက်၆နာရီကနေ မနက်၁၀နာရီအထိနဲ့ နေ့လည်၃နာရီကနေည၁၀နာရီအထိဖြစ်ပါတယ်။ ကျွမ်းကျင်မှုနဲ့စေတနာတွေပေါင်းစပ်ထားတဲ့ ဦးပလာတာရဲ့ ၂၅နှစ်သက်တမ်းရှိတဲ့ ပလာတာလက်ရာကို မြည်းစမ်းနိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။